
၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အရေးအခင်း အောက်မေ့ဖွယ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ဇူလိုင် ၇ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှုရဲ့ စိတ်ဓာတ်ဟာ အခုလက်ရှိ တော်လှန်ရေးအထိ ရှင်သန်နေဆဲ ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။
“အာဏာသိမ်းပြီးမှ စစ်တပ်က ပထမဆုံးသူ့ရဲ့ အစွယ်ကို ပြလိုက်တာပါပဲ၊ ကျောင်းသားအဆောက်အအုံကို ဗုံးခွဲတယ်၊ ကျောင်းသားရာကျော်ကို သတ်ဖြတ်တယ်ပေါ့၊ အဲ့တော့ ဒီကနေ စတင်လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဟာ အခုချိန်ထိ ရှင်သန်နေတယ်ဆိုတာ ယနေ့အချိန်ထိ ဒီလိုပွဲတွေကနေ ဆက်ပြီးတော့ ပြသနေတယ်လို့ပဲ ကျနော် မြင်ပါတယ်ခင်ဗျ။”
ဒီအခမ်းအနားမှာတော့ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်းကို ရှင်းပြခဲ့ပြီး ဝါရင့်ကျောင်းသားခေါင်းဆောင်တွေရဲ့ ဗီဒီယိုနဲ့ ပေးပို့လာတဲ့ သတင်းစကားတွေ၊ တော်လှန်ရေး သီချင်းသီဆိုဖျော်ဖြေမှုတွေ၊ ကဗျာရွတ်ဆိုမှုတွေစတဲ့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဆဲဗင်းဂျူလိုင်နဲ့ သက်ဆိုင်တဲ့ သမိုင်းဝင်မှတ်တမ်းတွေနဲ့ ဓာတ်ပုံတွေကိုလည်း ပြသခဲ့ကြပါတယ်။
ဒီအခမ်းအနားကို တက်ရောက်လာတဲ့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက “လက်ရှိ ကျမတို့ ဒီ နွေဦးတော်လှန်ရေးထဲကနေပြီးတော့မှ မျိုးဆက်သစ် မျိုးဆက်ဟောင်းတွေက ပြန်စုပြီးတော့မှ တိုက်ပွဲဝင်နေတဲ့ လက်ရှိ ရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက်ကို ကြိုးစားနေကြတဲ့ ကာလမှာ၊ ၂၀၂၆ မှာ ကျမတို့က အောင်ပွဲထိ မရောက်သေးဘူး။ အဲ့ဒီ အောင်ပွဲထိ မရောက်သေးတဲ့အပေါ်မှာ ဆက်ပြီးတော့မှ ကျမတို့အားလုံး စုစည်းကြရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒီစုစည်းကြရမယ်ဆိုတဲ့ နေရာမှာလည်း ကျမတို့က အထူးသဖြင့် မျိုးဆက်သစ်တွေရော မျိုးဆက်ဟောင်းတွေရောက စုစည်းမှုအားတွေကို အဓိက ဒီကာလမှာ ပိုပြီးတော့မှ ကျောခြင်းကပ်ပြီးတော့ သေချာ ဗျူဟာမြောက် စဉ်းစားပြီးတော့ တိုက်ပွဲဝင်ရမဲ့ ကာလလို့ မြင်တာပေါ့နော်။ ဥပမာ စစ်ရေးအရ တိုက်ပွဲဝင်နေတဲ့သူတွေကလည်း အကောင်းဆုံး ကြိုးစားနေကြသလို နိုင်ငံရေး အန်တုမှုအရ၊ ပြီးတော့ သံတမန်ရေးအရ၊ နိုင်ငံတကာရေးအရ တိုက်ပွဲဝင်နေကြတဲ့သူတွေ အားလုံးကလည်း ကျမတို့ ပိုပြီးတော့ လက်ချင်း ချိတ်ဆက်ကြဖို့ ကျောခြင်းကပ်ဖို့ လုပ်ရမယ်။ အဲ့ဒီအပေါ်မှာ ဒီနေ့ ဆဲဗင်းဂျူလိုင်မှာ ဒီ ဆဲဗင်းဂျူလိုင်ရဲ့ စိတ်ဓာတ်ကို ဆက်လက် သယ်ဆောင်ပြီးတော့မှ ဆက်လက်တိုက်ပွဲဝင်ဖို့ အတွက်ကို ဒီနေ့က အခုလို စုစည်းမှု၊ စုဆုံမှု၊ မျိုးဆက်အချင်းချင်း ချိတ်ဆက်မှုတွေက ခွန်အားပေးတယ်လို့ ကျမ မြင်မိတယ်” လို့ ပြောပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က စစ်အာဏာရှင်ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရား လုယူခဲ့ပြီး တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းကာ ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေ ထုတ်ပြန်ခဲ့တာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသူကျောင်းသား ၅,၀၀၀ လောက်ဟာ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေကို အာဏာရှင်ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် ကျောင်းသား ၁၀၀ ကျော် သေဆုံးပြီး ထောင်ချီ ဖမ်းဆီခံခဲ့ရတာပါ။
ဒီလို ကျောင်းသားရာချီသေဆုံးခဲ့ရပြီးနောက်တနေ့ ဇူလိုင် ၈ ရက်မှာတော့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။










