
ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်၊ နိခုမ်းဖတ်ထနားမြို့နယ်၊ မတ်ခါရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ထိုင်းအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဧပြီ ၂၆ ရက်က ထိုင်းအလုပ်သမားခေါင်းဆောင်နဲ့ တရုတ်ဗိသုကာတို့ ငြင်းခုံစကားများကြရာမှာ အခြေအနေပိုမိုတင်းမာပြီး သူ့ဘက် ကိုယ့်ဘက် လူတွေပါ ပါလာကြကာ အုပ်စုဖွဲ့ ရန်ပွဲလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ကာကွယ်ရေးဦးထုပ်တွေ၊ နီးစပ်ရာတုတ်တွေ ဆွဲကိုင်ရိုက်နှက်လို့ ထိုင်းဘက်က ၃ ယောက် တရုတ်ဘက်က ၄ ယောက် ဒဏ်ရာရတယ်၊ အနီးအနားရှိ ကားကြီးတွေက ဟွန်းအဆက်မပြတ်တီးပြီး ရန်ပွဲကို သတိပေးဖျန်ဖြေသလို တချို့က တာဝန်ရှိသူတွေထံ ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။
အဲဒီနောက် လယောင်းခရိုင် အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်၊ အလုပ်သမားရုံးနဲ့ နယ်မြေ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ရောက်လာပြီး လူစုခွဲလိုက်ခဲ့သလို ကာယကံရှင်တွေကို စစ်ဆေးမေးမြန်းပြီး စီစီတီဗွီကင်မရာတွေ ပြန်စစ်ဆေးခဲ့ကာ လုပ်ငန်းခွင်တချို့ကိုလည်း ယာယီပိတ်ထားလိုက်ပါတယ်။
ဧပြီ ၂၇ ရက်နေ့မှာ ရန်ဘက် နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေကို အထွေထွေအုပ်ချုပ်ရေးရုံးမှာ ချိန်းဆိုပြီး ညှိနှိုင်းဖြေရှင်းကြတယ်၊ အဓိကအချက်မှာ ဘာသာစကားအားနည်းချက်ကြောင့် နားလည်မှု လွဲမှားတာဖြစ်ကြောင်း၊ နောက်နောင် ဒီလိုပြဿနာမျိုး ထပ်မံမပေါ်ပေါက်စေဖို့ အထူးသတိထားဆက်ဆံကြဖို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အလုပ်သမားတယောက်ကတော့ ဒီမတိုင်ခင်ကတည်းက ထိုင်းအလုပ်သမားခေါင်းဆောင်နဲ့ တရုတ်လုပ်သားခေါင်းဆောင်ကြားမှာ မသင့်မြတ်မှုတွေရှိခဲ့ပြီး ရာသီဥတုလည်း ပူတော့ လူတွေက စိတ်ဆတ်ကြတယ်လို့ ဆိုပါတယ်။
အနီးနားရှိ ဈေးဆိုင်ရှင်တယောက်ကလည်း သူ့ဆိုင်က ဒီလုပ်ငန်းခွင်ကလူတွေကို အားထားပြီး ရောင်းချနေရတာ ဖြစ်တယ်။ အဲဒီမှာ ထိုင်း၊ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား စတဲ့ လူမျိုးစုံ အတူတူအလုပ်လုပ်နေကြတာ ဖြစ်တယ်။ ခုလို ခိုက်ရန်ဖြစ်ပွားတာမျိုးကို မဖြစ်စေချင်ဘူး၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ မတူတဲ့ လူမျိုးတွေကြား တယောက်နဲ့တယောက် နားလည်အောင် ကြိုးစားပြီး သင့်မြတ်စွာနေသင့်တယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။
Source: Khaosod / CH7 HD News










