
တကောင်းနီကယ်စီမံကိန်းကို ပြန်လည်ပတ်နိုင်ဖို့ စစ်အာဏာရှင်တပ်နဲ့တရုတ်ကုမ္ပဏီက ဝန်ထမ်း တချို့ကို လစာပေးပြီး လူအင်အားပြန်စုဆောင်းနေပါတယ်။
မတ် ၁၀ ရက်မှာ မန္တလေးတိုင်း၊ တကောင်းမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေ လက်လွှတ်ရပြီး နောက် မတ် ၂၅ ရက်နောက်ပိုင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စီမံကိန်းကို စစ်အာဏာရှင်တပ်က ပြန်ထိန်းချုပ်ထားတာပါ။
လတ်တလောအချိန်အထိ လုပ်ငန်းပြန်မလည်ပတ်နိုင်သေးပေမဲ့ စစ်အာဏာရှင်နဲ့ တရုတ်ဖက်စပ် ကုမ္ပဏီက ဝန်ထမ်းတချို့ကို လစာပြန်ပေးပြီး လုပ်ငန်းပြန်လည်ပတ်နိုင်ရေးအတွက် လူသူစုဆောင်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်နယ် မောင်းကုန်းရွာအနီးမှာတည်ရှိတဲ့ တကောင်းနီကယ်စက်ရုံကို ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်ခဲ့တာပါ။
တကောင်းနီကယ်စီမံကိန်းမှာ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction က အမေရိကန်ဒေါ်လာ ၈၅၅ သန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး အချိန် ၂ နှစ်နီးပါး လုပ်ငန်းမလည်ပတ်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီနဲ့ ဖက်စပ်ကုမ္ပဏီအတွက် နစ်နာမှု တန်ဖိုး ပမာဏများပြားခဲ့ပါတယ်။
တကောင်းဒေသခံတယောက်က “နီကယ်ကတော့ လောလောဆယ် အရင်တုန်းကလိုပဲ ဝန်ထမ်း တွေကို လစာထုတ်ပေးတာမျိုးရှိတယ်။ ဒါပေမဲ့ ပြန်လည်ပြီးလည်ပတ်တာမျိုးကတော့ မရှိသေးဘူး။ သူတို့ စိုးမိုးထားတာဆိုတော့ ကျနော့်အထင်တော့ လာမယ့်နှစ်လောက်ကို ကိုယ့်ဘက်က ပြန်လည် မလုပ်ဆောင်နိုင်ရင်တော့ သူတို့ လည်မယ့်သဘောရှိပါတယ်။ ကျနော်ကတော့ အဲ့ဒီ လောက်ပဲ သိထားပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်ရေးအသာစီးပြန်ယူတာ နဲ့ တပြိုင်တည်းမှာ တရုတ်အစိုးရနဲ့ ဆက်စပ် စီမံကိန်း၊ အလုပ်ရုံ၊ စက်ရုံတွေကို ပုံမှန်ပြန်လည်ပတ်ဖို့ ကြိုးစားနေတာပါ။
မေလလယ်ပိုင်းကစပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ စစ်အာဏာရှင်တပ်က အင်အား ၆၀၀ ဝန်းကျင် တိုးမြှင့် ချထားခဲ့ပြီးနောက် ညပိုင်းတွေမှာ ကြေးနီထုတ်လုပ်ရေးကို အားစိုက်ဆောင်ရွက်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ယင်းမာပင်ခရိုင်ထဲက ဆားလင်းကြီး၊ ပုလဲ၊ ကနီ၊ ယင်းမာပင်မြို့နယ်တွေကို ဖိအားပေးနယ်မြေ ထိန်းချုပ်ဖို့ ကြိုးစားတာနဲ့တပြိုင်တည်းမှာ စစ်အာဏာရှင်တပ်က စီမံကိန်းလည်ပတ်မှုကို တပါတည်း ပြုလုပ်နေတာဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးနားရွာတွေက ပြည်သူတွေဟာ စစ်တပ်က ဖိအားပေး တာနဲ့ စားဝတ်နေရေးအတွက် စီမံကိန်းမှာ အလုပ်ပြန်ဝင်နေကြရတာပါ။
လက်ပံတောင်းဒေသခံတယောက်က “လက်ပံတောင်းကတော့ အခု ပြန်လည်ပတ်နေတာပေါ့။ နောက် သူတို့နဲ့နီးစပ်ရာ အလုပ်သမားတွေအဲ့ဒါတွေကို ပြန်ခေါ် အလုပ်ခန့်ပြီးတော့ လည်နေတယ်။ နောက် ယန်စီထဲမှာလည်း လည်နေတယ်ပေါ့။ မိုင်းအတွင်းထဲမှာ စစ်ကောင်စီက အဲ့ထဲမှာ ကျောင်းလည်းပြန်ပြီးတော့ ဖွင့်နေတယ်၊ အဲ့ဒီလိုအခြေအနေရှိပါတယ်။ စီးပွားရေး ကျပ်တည်းတယ် ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့တော့ မလုံလောက်ဘူးပေါ့ဗျာ။ တတိုင်းပြည်လုံး စစ်ဘေးစစ်ဒဏ် သင့်နေတယ်၊ မီးရှို့ခံနေရတယ်၊ သတ်ဖြတ်ခံနေရတယ်၊ ရွာတွေကို အပြောင်မီးရှို့တယ်၊ ရွာတွေမှာ ပစ္စည်းတွေအကုန်လုံးကို ဝင်ပြီးခိုးတယ်၊ စစ်ကြောင်းတွေ ထိုးပြီးတော့ ရွာပိုင်ပစ္စည်းတွေကိုယူတယ်။ ဒါမျိုးတွေလုပ်နေတဲ့ အခြေအနေတွေကို သိလျက်သားနဲ့ ဒီလိုမျိုးစစ်ကောင်စီရဲ့ ဒေါက်တိုင်အနေနဲ့ ပူးပေါင်းမယ်ဆိုရင်တော့ ဒါက သူတို့ရဲ့သမိုင်းပေါ့နော်၊ စစ်ကောင်စီဆီကို အောက်ကျို့ဝင်ရောက်ပြီးသွားတယ်ဆိုရင်တော့ ဒါဟာ သွားတဲ့သူတွေရဲ့ သမိုင်းပါပဲ” လို့ ပြောပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ အလုပ်ပြန်လုပ်ဖို့ ဒေသခံ ကျွမ်းကျင်လုပ်သားဟောင်းတွေကို အရင်ကလစာထက် ၂ ဆ ၃ ဆပိုပေးပြီး ကုမ္ပဏီက လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ကြိုးစားခဲ့တာပါ။
၂၀၂၃ နှစ်ကုန်ပိုင်းမှာ အရှိန်ကောင်းခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၁ ခုထဲက ၁၀ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ခဲ့ပြီး ရှမ်းမြောက်နဲ့ စပ်ဆက်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုအထိ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ISP (မြန်မာ)ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။
မန္တလေးတိုင်းထဲက ပြန်ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာလည်း တရုတ်စီမံကိန်းနဲ့ လုပ်ငန်းတွေရှိတဲ့ နေရာတွေကို ပိုပြီးအာရုံစိုက်ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာတွေ့ရပါတယ်။
သုတချမ်းသာ










