
ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ၃ လကြာရပ်နားထားတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ် လက်ပံတောင်းတောင် (ဝမ်ပေါင်) ကြေးနီစီမံကိန်းလုပ်ငန်းတွေ အခုရက်ပိုင်း အတွင်း ပြန်လည်ပတ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ စားဝတ်နေရေးကျပ်တည်းတာ၊ စစ်ရေးပြဿနာတွေကိုအလိုမရှိတော့တာ စတဲ့ အခြေအနေတွေဖြစ်လာတဲ့အတွက် စစ်ကောင်စီကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထိုးစစ်ဆင်ဖို့ ခက်ခဲနေတာပါ။
ဒီအခြေအနေအပေါ်မူတည်ပြီး စစ်ကောင်စီက စီမံကိန်းပတ်ခြာလည်ကျေးရွာတွေမှာ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ မလုပ်တော့ဘဲ ပြည်သူတွေကို အချိုသပ်စည်းရုံးနေတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးနယ်ခံနိုင်ငံရေးသမားတယောက်က “တရက်နှစ်ရက်ရှိပြီ လည်ပတ်နေတာက။ စံပယ်တောင်ကတော့ မလုပ်ဘူးဗျ၊ ကြေးနီတောင်တခုပဲ လည်ပတ်တာရှိတယ်။ နေ့တော့မလည်ဘူး ညမှလည်တာ။ ဝန်ထမ်းအင်အားခန့်မှန်းခြေကတော့ ၄၅၀-၅၀၀ ပတ်ဝန်းကျင်ပေါ့။ မလုပ်ဖို့ဆိုတာ လှည့်ခေါ်တဲ့အချိန်မှာ မရတဲ့အခါကြတော့ စစ်ရေးနဲ့ပဲ ပြန်ပြီးတော့ ဆုံးဖြတ်ရမလို ဖြစ်နေတာပဲ။ ဝမ်ပေါင်ကုမ္ပဏီ မလည်ပတ်နိုင်အောင် ကျနော်တို့က အလုပ်သမားတွေကို ချော့ခေါ်တယ်၊ ဆားလင်းကြီးနယ်ကတော့ တော်တော်များများကတော့ ဝင်လာကြတာရှိတယ်လေ။ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းက များနေတဲ့အချိန်မှာ သူတို့ကို ခေါ်လို့မရတဲ့အတွက်က သူတို့မလည်နိုင်အောင်က စစ်ရေးနဲ့ပဲပြန်ပြီး ဆုံးဖြတ်ရမှာပဲ။ ကျနော်တို့က အဲ့ဒီစစ်ကြောင်းကိုလည်း မတားနိုင်ဘူး၊ ပြည်သူကိုလည်း မထိန်းချုပ်နိုင်တဲ့အတွက်က နောက်ကြာလာရင် စစ်ကောင်စီဘက် က အင်အားသာလာနိုင်တယ်လို့ ထင်တာပဲ၊ ဘာလို့ဆို ပြည်သူမပါရင် တော်လှန်ရေးဆိုတာ မအောင်ဘူးလေ။ အဲဒီတော့ ကျနော်တို့က ပြည်သူကိုလည်း ကိုယ့်ဘက်ပါအောင်လုပ်ရမယ်၊ စစ်ကောင်စီကိုလည်း ထိုးရဦးမယ်၊ မထိုးနိုင်ရင်တောင်မှ ကိုယ့်ဘက်က ကာကွယ်ရေးအဖွဲ့တွေက ကာနိုင်တယ်ဆိုရင်တော့ နယ်မြေတော့ ကျနော်တို့ ထိန်းချုပ်နိုင်မယ်ထင်တာပါပဲ” လို့ ပြောပါတယ်။
မန္တလေးတိုင်းထဲက စစ်ကောင်စီ ပြန်ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာလည်း ဗျူဟာ တကျ ကွင်းဆင်းပြီး ပြည်သူတွေကို စည်းရုံးနေတာပါ။ ဒေသတွင်းပြည်သူတွေဟာ အဘက်ဘက်က ဖိအားတွေကြောင့် အလိုက်သင့်နေထိုင်နေရတယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းထဲက တရုတ် စီမံကိန်းနဲ့ လုပ်ငန်းတွေရှိတဲ့နေရာတွေကို ပိုပြီးအာရုံစိုက်ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးစားနေတာဖြစ်ပါတယ်။
မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “တအိမ်တယောက်မတက်မနေရ အစည်းအဝေးပုံစံမျိုး ရွာတွေ၊ တောပု၊ မာရဘင်၊ မြစ်တိမ်အဲ့ဒီရွာတွေမှာရှိတဲ့လူတွေကို အစည်းအဝေးဖိတ်ခေါ်တယ်ဗျ၊ စစ်မှုထမ်းရန်အတွက်ပါဗျ။ သူတို့ပိုင်နက်ထဲမှာ ခြိမ်းခြောက်ခေါ်တဲ့အတွက် သူတို့ကတော့ အစည်းအဝေး တက်ရတယ်တဲ့ဗျ။ အရွယ်ရောက်ပြီးသား ပြည်သူမှန်သမျှဟာ သူတို့ လုပ်ချင်တိုင်းလုပ်လို့ ရနေတယ်ဗျ၊ သူတို့ကြိုက်တဲ့အချိန် ဆွဲခေါ်နိုင်တယ်ဆိုတဲ့သဘောမျိုးတော့ သုံးသပ်မိတယ်ဗျ။ တော်လှန်ရေးသမားတွေ စိုးမိုးထားတဲ့ နယ်မြေမှာရောက်နေတဲ့ တချို့ပြည်သူတွေက စကစပိုင်နက်တွေထဲကို ပြန်ဝင်ကုန်ကြတယ်၊ ပြန်ဝင်ကြတဲ့သူတွေသည် စကစရဲ့ စစ်မှုမထမ်းမနေရ ဥပဒေထဲကို ဆွဲသွင်းပြီး သူတို့အသုံးချခံမဖြစ်အောင် တော်လှန်ရေး ဘက်မှာပဲ ကြံ့ကြံ့ခံပြီး ရပ်တည်ကြပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်ဗျ” လို့ ပြောပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ရှမ်း-မန်းနယ်စပ်နဲ့ စစ်ကိုင်းတိုင်းထဲက PDF ထိန်းချုပ်နယ်မြေအများစုကို စစ်ကောင်စီက တရုတ်အစိုးရအကူအညီနဲ့ ပြန်ထိန်းချုပ်ခဲ့တာပါ။
မတ် ၁၀ ရက်မှာ မန္တလေးတိုင်း၊ တကောင်းမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေ ပြန်လက် လွှတ် ရပြီးနောက် မတ် ၂၅ ရက် နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ထီးချို့မြို့နယ်ထဲက တကောင်း နီကယ်စီမံကိန်းကိုလည်း စစ်ကောင်စီက ပြန်ထိန်းချုပ်ထားပါတယ်။
တရုတ်ကုမ္ပဏီတွေနဲ့ နှစ်ရှည်စာချုပ်ထားတဲ့ စီမံကိန်းလုပ်ငန်းနေရာတွေကို စစ်ကောင်စီက ပြန်ထိန်းချုပ်ပြီး နောက်တဆင့်အနေနဲ့ လုပ်ငန်းပြန်လည်ပတ်ဖို့ အားထုတ်နေတာဖြစ်ပါတယ်။
သုတချမ်းသာ










