
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဥရုချောင်းရေ မြင့်တက်လာတာကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံကာ နေအိမ်တွေထဲ ရေဝင်ရောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန် ၂၀ ရက် ညကတည်းက မိုးသည်းထန်မှုကြောင့် ဥရချောင်းရေ မြင့်တက်လာကာ အနိမ့်ပိုင်း ရပ်ကွက်တွေထဲ ရေဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းဖြစ်တဲ့ ရပ်ကွက် ၅ ခုမှာ ဒီကနေ့ ဇွန် ၂၁ ရက် မနက် နေအိမ်တွေထဲ ရေဝင်ရောက်လာတာကြောင့် ပြည်သူထောင်နဲ့ချီ ရေဘေးသင့်နေတယ်လို့ ဖားကန့်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ရေက တော်တော်စီးတယ်။ အရင်နှစ်တွေကထက်တောင် ဆိုးတယ်။ ဖားကန့် မနက်ဈေးလည်း ရေဝင်နေတယ်။ ဈေးရှေ့လမ်းဆို သွားလို့တောင်မရဘူး။ ရပ်ကွက် ၅ ခုလောက်တော့ ဝင်နေပြီ၊ ချောင်းရေ ထပ်တက်လာရင်တော့ ပိုဆိုးနိုင်တယ်။"
လက်ရှိမှာ ဥရုချောင်းရေ ဝင်ရောက်မှုကြောင့် ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်နဲ့ အေးမြသာယာရပ်ကွက်တွေမှာ နေအိမ်တွေထဲ ရေဝင်ရောက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖားကန့် မနက်ဈေး (စည်ပင်သာယာဈေး) က ဆိုင်ခန်းတွေထဲလည်း ရေဝင်ရောက်နေတဲ့အတွက် ဆိုင်တွေ ပိတ်ထားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့် ကျောက်ဝိုင်း၊ ငှက်ပျောတော၊ မရှီကထောင် စတဲ့ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာဘက်မှာပါ ရေကြီးရေ လျှံခဲ့သေးတယ်လို့ သိရပါတယ်။
ဥရုချောင်းရေဟာ နှစ်စဉ် မိုးရာသီရောက်ပါက ရေကြီးရေလျှံတတ်တဲ့အပြင် အခုနှစ်မှာ ပတ်ဝန်းကျင်အနီးအနားက ချောင်းလက်တက်တွေပါ ရေလျှံနိုင်တဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေကထက် ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လက်ရှိမှာ ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေက ဒေသခံပြည်သူတွေအတွက် လူမှုကူညီရေးအသင်းတွေနဲ့ စေတနာရှင်တွေက ကူညီနေပေမဲ့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။










