DVB Logo
Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ရွှေနွယ်ပင် ဆေးဖက်ဝင်
DVB
·
March 25, 2026
နွေဦးပြည်သူတို့အတွက် ရွှေနွယ်ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ရွှေနွယ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ရွှေနွယ်ပင်ကို သိပ္ပံလို Cuscuta reflexa  လို့ခေါ်ပြီး အင်္ဂလိပ်လို dodder လို့ ခေါ်ကြပါတယ်။

ရွှေနွယ်ပင်မှာ flavonoid, quercelin, kaempferol, cuscutine, cuscutamide, cuscutalin, fatty acid, palmitic oleic, linolenic acid, beta sitosterol, stigmasterol, laurotetanine, alkaloid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကျောက်ကပ်ကို အာဟာရဖြည့်ပေးခြင်း၊ အသည်းလုပ်ဆောင်နိုင်စွမ်းကို ပံ့ပိုးပေးခြင်း၊ မျိုးဆက်ပွားကျန်းမာရေးကို ပံ့ပိုးပေးခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ အာရုံကြော အားကောင်းစေခြင်း၊ အနာကျက်စေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။

ဘက်တီးရီးယားပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အစာခြေဖျက်ခြင်း၊ ချွဲထုတ်ခြင်း၊ ပန်းနာရင်ကျပ် ဆန့်ကျင်ခြင်း၊ ဆီးကျိတ်ကို ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ ချွဲပျော်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုခြင်း၊ ရွှေနွယ်အစေ့ဟာ အမျိုးသား မျိုးပွားမှုနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ အာနိသင် ရှိတာကြောင့် အစေ့မှုန့် ကော်ဖီတဇွန်းကို နွားနို့တခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး Testosterone ပမာဏကို တိုးမြှင့်ခြင်းဖြင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ libido ကို မြှင့်တင်ပေးတာကြောင့် လိင်ပိုင်းဆိုင်ရာ အားနည်းခြင်းများကို သက်သာစေပါတယ်။

အမျိုးသမီးမှာ  ပြုတ်ရည် ရေနွေးကြမ်းတခွက်ကို ပျားရည်နဲ့ ပုံမှန်သောက်သုံးပေးခြင်းဖြင့်  အမျိုးသမီးဟော်မုန်းများကို ဟန်ချက်ညီစေပြီး သားအိမ်ကျန်းမာရေးကို အထောက်အကူပြုစေကာ ရာသီစက်ဝန်း ထိန်းညှိခြင်းနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ထောက်ပံ့ပေးပြီး ရာသီလာချိန် မသက်မသာဖြစ်မှုကို လျှော့ချပေးနိုင်တဲ့အပြင် လိင်စွမ်းအားကို တိုးတက်စေပြီး သန္ဓေတည်ခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ရွှေနွယ်စေ့မှာ အသည်းကိုကာကွယ်ပေးတဲ့ ဓာတ်ပေါင်းများ ပါ၀င်တာကြောင့် အသည်းအင်ဇိုင်းအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး အဆိပ်အတောက်များ၊ ဓာတ်ကြွင်းများနဲ့ အန္တရာယ်ရှိ အရာများကြောင့် အသည်းဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အသည်းရောင်ခြင်း၊ အသားဝါခြင်းများမှာ ရွှေနွယ်စေ့အမှုန့် ကော်ဖီတဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် အသည်းလုပ်ဆောင်နိုင်စွမ်းနဲ့ အဆိပ်အတောက်များကို ခြေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးပြီး အသည်းကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

ရွှေနွယ်စေ့မှာ flavonoid၊ lignan နဲ့ polysaccharide စတဲ့ ဇီဝဗေဒဆိုင်ရာ ဓာတ်ပေါင်းများ ပါဝင်တာကြောင့် ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းထက် ဂုဏ်သတ္တိများ ပါဝင်ပြီး ဆဲလ်များကို ဓာတ်တိုးဖိစီးခြင်းမှ ကာကွယ်ပေးပြီး အန္တရာယ်ရှိ ဓာတ်ကြွင်းများကို ခြေဖျက်ပေးကာ ဆဲလ်များပျက်စီးမှုနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေကို လျှော့ချပေးတာကြောင့် အစေ့မှုန့် ကော်ဖီတဇွန်းကို ဖျော်ရည်ပြုလုပ်က တနေ့တကြိမ် သောက်သုံးပေးခြင်းဖြင့် နာတာရှည်ရောဂါအမျိုးမျိုးနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းများကို လျော့ပါးစေပါတယ်။

ရွှေနွယ်စေ့ဟာ ခန္ဓာကိုယ်အတွင်းရှိ ရောင်ရမ်းမှု တုံ့ပြန်မှုများကို ထိန်းညှိပေးတာကြောင့် အစေ့မှုန့် ကော်ဖီတဇွန်းကို ဖျော်ရည်အ‌ဖြစ် တနေ့တကြိမ် သောက်သုံးပေးခြင်းဖြင့် နာတာရှည် ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနဲ့ ခုခံအားစနစ် ပုံမမှန်ခြင်းများကို လျော့ပါးစေပြီး အလုံးစုံကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ရွှေနွယ်ပင်မှာ ပါဝင်တဲ့ ဓာတ်ပေါင်းများက ရောဂါပိုးကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါဝင်ပြီး ဘက်တီးရီးယားများကို ခုခံကာကွယ်ပေးခြင်း၊ ဆီးအထွက်တိုးစေခြင်း အာနိသင်ရှိတာကြောင့် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းပြဿနာများမှာ ရွှေနွယ်ပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းနဲ့ ကိုယ်လက်ရောင်ရမ်းမှုဆိုင်ရာ အခြေအနေများမှာ အစေ့မှုန့် တခါသောက် ကော်ဖီတဇွန်း၊ အပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တခွက် တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ရောင်ရမ်းနာကျင်ခြင်းများကို လျော့ပါးသက်သာစေပါတယ်။

ရွှေနွယ်ပင်/အစေ့ အမှုန့် ကော်ဖီတဇွန်းကို နွားနို့တခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးခြင်းဖြင့်  အားနည်းခြင်းကို သက်သာစေပါတယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ အူလမ်းကြောင်း မအီမသာ ဖြစ်ခြင်းများအတွက် ရွှေနွယ်ပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အစာအိမ်နာခြင်း၊ အချဥ်ပေါက်ခြင်းများအတွက် ရွှေနွယ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် လေချဥ်တက်ခြင်း၊ အော့အန်ခြင်းနဲ့ နာကျင်မှုကို သက်သာစေပါတယ်။

အာရုံကြောရောင်ရမ်းမှုတို့ကို ဆန့်ကျင်တဲ့အာနိသင် ရှိတာကြောင့် နံနက်ခင်းနဲ့ ညစာ ဖျော်ရည်တခွက် သောက်ပေးခြင်းက ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းမှုနဲ့ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဖျားနာခြင်းများမှာ ရွှေနွယ်ပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် အဖျားကျစေပါတယ်။

ရွှေနွယ်စေ့ကို နှမ်းဆီနဲ့ချက်ပြီး ဒဏ်ရာများ၊ ထိခိုက်ရှနာများ၊ ယားယံခြင်းနဲ့ အရေပြားရောဂါများအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အပင်လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး ထိခိုက်တဲ့နေရာမှာ အုံပေးခြင်းဖြင့် သွေးထွက်ခြင်းကို ထိန်းချုပ်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။

ရွှေနွယ်ပင်ကို နှမ်းဆီနဲ့ချက်ပြီး အဆီကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေပြီး ဆံပင်အရင်းကို သန်မာစေပါတယ်။ ရွှေနွယ်ပင်သတ္တုရည်ကို လိမ်းပေးခြင်းက ဗောက်ကို ပျောက်ကင်းစေပါတယ်။

ရွှေနွယ်ပင်သတ္တုရည်ကို သကြားနဲ့ရောစပ်ပြီး ဂွမ်းမှာဆွတ်ကာ မျက်ခုံးပေါ်မှာ ကပ်ထားပေးခြင်းက မျက်ကြည်လွှာရောင်ခြင်းကို သက်သာစေပါတယ်။

အပင်ပြုတ်ရည် ရေနွေးငွေ့ကို မှိုင်းခံပေးခြင်းဖြင့် ဝှေးစေ့ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

အမျိုးသမီးတွေ လိင်နဲ့ မိန်းမကိုယ်ရောဂါများမှာ အပင်ပြုတ်ရည် ရေနွေးငွေ့ကို မှိုင်းခံပေးခြင်းဖြင့် သက်သာစေပါတယ်။

ရွှေနွယ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးတာက အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ရွှေနွယ်ပင်နဲ့ ဓာတ်မတည့်သူများ ရွှေနွယ်ပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ရွှေနွယ်ပင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးများနဲ့ ခုခံအားစနစ် ကျဆင်းနေသူများ၊ ဟော်မုန်းဆေးဝါးများ သုံးစွဲနေသူများ ရွှေနွယ်ပင်ကို မသုံးစွဲသင့်ပါ။

နွေဦးပြည်သူများ ရွှေနွယ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နွေဦးပြည်သူတို့အတွက် ရွှေနွယ်ပင် ဆေးဖက်ဝင်