DVB Logo
Home
နိုင်ငံတကာ
သမ္မတဟောင်းဂျိုးဘိုင်ဒင် ကင်ဆာ ပိုပျံ့လာပြီး နာကျင်ခံစားနေရ
DVB
·
August 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ ဆီးကျိတ်ကင်ဆာဟာ အရိုးကနေ တခြားအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့နေပြီး အင်မတန် နာကျင်ခံစားနေရတယ်လို့ သားဖြစ်သူ ဟန်တာဘိုင်ဒင်က ပြောပါတယ်။

ဩဂုတ် ၇ ရက်က ထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီရဲ့ Newsnight အစီအစဉ် အင်တာဗျူးမှာ ဟန်တာက အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ သူ့ဖခင်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောခဲ့တာပါ။

ကင်ဆာဟာ အရိုးအပြင် တခြားနေရာတွေကိုပါ ပျံ့နှံ့နေပြီး နာကျင်မှုကလည်း ပြင်းထန်သလို နေ့စဉ်ဘဝကိုပါ အများကြီး ထိခိုက်နေတယ်လို့ ဟန်တာက ဆိုပါတယ်။

ဘိုင်ဒင်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဩဂုတ် ၈ ရက်မှာ ဟန်တာရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဘိုင်ဒင်ဟာ ၂၀၂၅ ခုနှစ် မေလမှာ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာဖြစ်နေပြီး အရိုးအထိ ပျံ့နှံ့နေပြီလို့ လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလမှာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ ဟော်မုန်းကုသမှုတွေ ခံယူနေတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ဖခင်အကြောင်းပြောရင်း ဟန်တာက “ဒီနေ့အထိ ကျနော်တို့မိသားစုရဲ့ ဗဟိုချက်မှာ အဖေရှိနေဆဲပါ။ သူက ကျနော်တို့မိသားစုရဲ့ အားကိုးရာပါ” လို့ ပြောပါတယ်။

ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့ ဇွန်လက ချီကာဂိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဘာရက်အိုဘားမား သမ္မတစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့ သမ္မတသက်တမ်းအကြောင်း ရေးသားထားတဲ့ ကိုယ်တိုင်ရေးမှတ်တမ်းစာအုပ်ကိုတော့ လာမဲ့ နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013