
စက်တင်ဘာ ၂၈ ရက် မနက်အစောပိုင်းက SpaceX ကုမ္ပဏီရဲ့ Starship အာကာသယာဉ်နဲ့ ဧရာမ ဒုံးပျံကြီးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
ဒါဟာ Starship ရဲ့ ၁၄ ကြိမ်မြောက် စမ်းသပ် ပျံသန်းမှုဖြစ်ပြီး တက္ကဆက်ပြည်နယ်မှာရှိတဲ့ Starbase ဒုံးပျံလွှတ်တင်ရေးစခန်းကနေ ကမ္ဘာ့ပတ်လမ်းထဲအထိကို ပထမဆုံးအကြိမ် ရောက်လာ ခဲ့တာပါ။
အဲဒီခရီးစဉ်မှာ အီလွန်မက်စ်ရဲ့ အာကာသနဲ့ကာကွယ်ရေး နည်းပညာကုမ္ပဏီက သူတို့ရဲ့ Starlink V3 ဂြိုဟ်တုအသစ် ၂၆ လုံးကိုပါ ပတ်လမ်းထဲ နေရာချထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် Starship ဒုံးပျံတစင်းဟာ Starlink V3 ဂြိုဟ်တုပေါင်း အလုံး ၆၀ အထိ သယ်ဆောင် ပေးနိုင်တဲ့အလျောက် အရင် Falcon 9 ဒုံးပျံတွေရဲ့ တင်ဆောင်နိုင်စွမ်းထက် အဆ ၂၀ လောက် ပိုပြီးများပါတယ်။
အစောပိုင်းမှာ SpaceX က Starship ကို ပတ်လမ်းကြောင်းအတွင်း အကြိမ်ပေါင်းများစွာ လှည့်ပတ်ပျံသန်းစေပြီး ချီလီနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်ထဲ ဆင်းသက်နိုင်အောင် စီစဉ် ထားခဲ့တာပါ။
ဒါပေမဲ့ မူလက စီစဉ်ထားခဲ့တဲ့ ၁၀ နာရီကြာ ပျံသန်းမှုကို အင်ဂျင်ပြဿနာ ပေါ်ပေါက်ခဲ့တဲ့အတွက် ၃ နာရီအထိ လျှော့ချခဲ့ရပါတယ်။
အဲဒီနောက် အာကာသယာဉ်ကို ပင်လယ်ထဲကနေ ပြန်လည်ဆယ်ယူဖို့ အစီအစဉ် မရှိပေမဲ့ Starship ဟာ ရေပြင်ပေါ် ဆင်းသက်ချိန်မှာတော့ မီးလောင်ကျွမ်းပြီး ပေါက်ကွဲသွားခဲ့ပါတယ်။
လာမဲ့နှစ်မှာ NASA နဲ့ ပူးပေါင်းပြီး အရေးပါတဲ့ စမ်းသပ်ပျံသန်းမှုတခု ပြုလုပ်နိုင်ဖို့အတွက် အခုလိုမျိုး SpaceX က Starship ကို အသင့်ဖြစ်တဲ့ အထိ ပြင်ဆင်ပေးနေခဲ့တာပါ။
ဒါဟာ SpaceX ဒုံးပျံနဲ့အတူ အမေရိကန် အာကာသယာဉ်မှူးတွေက လကမ္ဘာ မျက်နှာပြင်ကို ပြန်သွားနိုင်ဖို့အတွက် ရည်ရွယ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။
၂၀၂၇ မှာလည်း SpaceX က Starship ကို အသုံးပြုပြီး အာကာသထဲ " AI ဂြိုဟ်တုတွေ" လွှတ်တင်ကာ ဉာဏ်ရည်တုနည်းပညာ အတွက် တွက်ချက်ပေးမဲ့ " စူပါကွန်ပျူတာစနစ် " တည်ဆောက်သွားဖို့ ရှိနေပါတယ်။
ဒါကြောင့် SpaceX က သူတို့ရဲ့အဓိက ဝင်ငွေရင်းမြစ်ဖြစ်တဲ့ Starlink အင်တာနက်နဲ့ ဆက်သွယ်ရေးလုပ်ငန်းကို တိုးချဲ့မဲ့အစီအစဉ်တွေမှာ Starship ဟာ မရှိမဖြစ် အရေးပါလာခဲ့ပါတယ်။
လောလောဆယ် ကမ္ဘာ့ပတ်လမ်းထဲမှာ SpaceX ဂြိုဟ်တု ပေါင်း ၁၁,၀၀၀ လောက်ရှိနေပြီး အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Eutelsat OneWeb ကုမ္ပဏီကတောင် ဂြိုဟ်တုအလုံးရေ ၆၅၀ ဝန်းကျင်ကိုသာ လွှတ်တင်ထားနိုင်ပါတယ်။
Source:Reuters










