
ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံဖြတ်ကျော် ငွေလိမ်ဂိုဏ်းတွေ ခိုလှုံရာနေရာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဟွန်မာနက်က စက်တင်ဘာ ၂၃ ရက် ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ ဆိုင်ဘာလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ညီလာခံ ဖွင့်ပွဲမှာ ပြောပါတယ်။
ဒေါ်လာဘီလီယံချီ တန်ကြေးရှိတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို အစိုးရက နှိမ်နင်းနေတာကို ပြသဖို့ ကျင်းပတဲ့ ဒီပွဲကို အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အွန်လိုင်းလိမ်လည်မှုတွေဟာ ကိုဗစ်-၁၉ အလွန်မှ ပေါ်ပေါက်လာတာဖြစ်ပြီး ကမ္ဘောဒီးယား ယဉ်ကျေးမှုနဲ့ လုံးဝ စိမ်းသက်နေပြီး ဒုစရိုက်ဂိုဏ်းတွေကြောင့် ပြည်သူ ၁၇ သန်းကျော်ရဲ့ ဝမ်းစာရေး ထိခိုက်ခံမှာ မဟုတ်ဘဲ အချိန်နဲ့တပြေးညီ သတင်းအချက်အလက် မျှဝေခြင်း အပါအဝင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေကို ထောက်ခံကြောင်းလည်း ဝန်ကြီးချုပ် ဟွန်မာနက်က ဆိုပါတယ်။
နိုင်ငံတကာ မိတ်ဖက်အဖွဲ့တွေကတော့ တရားဥပဒေစိုးမိုးရေး အောင်မြင်မှုကို ချီးကျူးခဲ့ကြပြီး နောက်ထပ် လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ သတိပေးပါတယ်။
ကမ္ဘောဒီးယားအစိုးရ အနေနဲ့ အွန်လိုင်း လိမ်လည်မှုများ တိုက်ဖျက်ရေး ကော်မရှင် (CCOS) ကို ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းဖွင့်ထားပေမဲ့ အမျိုးသားအဆင့်၊ ဒေသတွင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်တွေမှာ အခုထက်မက ပိုလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) ကိုယ်စားလှယ် ဒယ်လ်ဖှင်းန် ရှန့်ထ်ဇ်က ထောက်ပြထားပါတယ်။
ကမ္ဘောဒီးယား အာဏာပိုင်တွေက စက်မှုဇုန်အဆင့်ရှိ လိမ်လည်မှုစခန်းတွေကို အမြစ်ပြတ် နှိမ်နင်းပြီးပြီလို့ ဆိုပေမဲ့ လေ့လာသူတချို့ကတော့ ခေါင်းဆောင်ပိုင်းတွေ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သံသယရှိနေကြပါတယ်။
ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှ ဒုစရိုက်ဂိုဏ်းတွေ ခိုလှုံရာဖြစ်ခဲ့ပြီး အထူးသဖြင့် ကမ္ဘောဒီးယားနဲ့ စစ်ဘေးသင့် မြန်မာနိုင်ငံတို့ဟာ အချစ်ရေး အတုအယောင် ဒါမှမဟုတ် ခရစ်ပတို ရင်းနှီးမြှုပ်နှံမှုအတုတွေနဲ့ လိမ်နေတဲ့ ဒုစရိုက်ဂိုဏ်းချုပ်စခန်းတွေ ဖြစ်လာခဲ့ပြီး အဲဒီမှာ လိုလိုလားလား လုပ်သူတွေရော လူကုန်ကူးခံရသူတွေပါ ရှိနေတာဖြစ်ပါတယ်။
၂၀၂၅ တနှစ်တည်းမှာတင် အရှေ့တောင်အာရှက နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့တွေဟာ အွန်လိုင်းကနေ အမေရိကန်နိုင်ငံသားတွေဆီက အနည်းဆုံး ဒေါ်လာ ၁၈ ဒသမ ၂ ဘီလီယံ လိမ်လည်ခဲ့တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။
Source: Reuters











