အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်တို့က ဇွန် ၂၂ ရက် လုံခြုံရေးဆွေးနွေးပွဲ အပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်အရ အစ္စရေးစစ်သားတွေနဲ့ နိုင်ငံသားတွေအပေါ် ခြိမ်းခြောက်မှုတွေ မရှိစေဖို့၊ လက်ဘနွန်တောင်ပိုင်းက လုံခြုံရေးဇုန်ကို ဆက်ထိန်းထားဖို့နဲ့ အဲဒီဒေသရှိ စစ်သွေးကြွတွေရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့တွေ စစ်တပ်က ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အစ္စရေးရဲ့ မြောက်ပိုင်းစစ်ဌာနချုပ် တပ်မှူး ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတခုအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ "အစ္စရေးနိုင်ငံသားတွေနဲ့ အစ္စရေးစစ်တပ် (IDF) ရဲ့ လုံခြုံရေးဟာ ဘယ်လိုမှ အလျှော့အတင်းလုပ်လို့မရတဲ့ အဓိကလမ်းညွှန် အခြေခံမူအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း" ထိပ်တန်းအရာရှိ ၃ ယောက်က ပြောဆိုခဲ့တာပါ။
အီရန်အပေါ် အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးရဲ့ ဗုံးကြဲမှုတွေကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
ဒါ့အပြင် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ဈေးကွက်တွေ လှုပ်ခတ်ခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်ဒုသမ္မတ ဗန့်စ်က တိုးတက်မှုတချို့ ရရှိနေပြီလို့ ထုတ်ပြန်ပြီးနောက် တနင်္လာနေ့မှာ ရေနံဈေးနှုန်း ၃ ရာခိုင်နှုန်းလောက် ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကြောင့် အစ္စရေးက လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး အခု အီရန်နဲ့ အမေရိကန်ကြား ညှိနှိုင်းနေတဲ့ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်မှာတော့ လက်ဘနွန်နိုင်ငံ အပါအဝင် ရန်လိုတိုက်ခိုက်မှု အားလုံးကို ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။










