
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်မှာ ဆီအုန်းခြံတခြံမှာရှိတဲ့ ရေတွင်းဟောင်းကို သန့်ရှင်းရေးလုပ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား ၄ ယောက် ဧပြီ ၂၆ ရက်က သေဆုံးသွားတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖန်ငခရိုင်၊ ခုရမြို့နယ်ခွဲ၊ ဘန်ဆန်ထမ် ကျေးရွာအုပ်စုရှိ ဆီအုန်းစိုက်ပျိုးရေးခြံမှာ အသက် ၃၄ နှစ်ကနေ ၅၁ နှစ်ကြားရှိတဲ့ အဲဒီအမျိုးသားတွေဟာ အနက် ၆ မီတာလောက်ရှိတဲ့ ရေတွင်းထဲကို ဝင်ရောက်ပြီးနောက် အောက်စီဂျင်ပြတ် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလောင်းတွေကို ပြန်လည်ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေးသမားတွေဟာ အစပိုင်းမှာ အခက်အခဲတွေ့ခဲ့ပြီး နောက်ပိုင်းမှာတော့ ဖန်င ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးရုံးက အထူးကိရိယာတွေနဲ့ ကူညီခဲ့ရပါတယ်။
ရေတွင်းထဲမှာ လေဝင်လေထွက် နည်းပါးတာကြောင့် အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ကနဦးသုံးသပ်ထားပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အဆိုပါရုံးရဲ့ အကြီးအကဲ အမွန်တပ်ပရီခမ်းက ပြောပါတယ်။
Source: Khaosod
Photo: Khaosod










