
နည်းပညာကုမ္ပဏီကြီး Apple ကို ၁၅ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ စီအီးအို တင်မ်ကွတ်ဟာ ရာထူးကနေ အနားယူတော့မှာဖြစ်ပြီး သူ့နေရာမှာ ဂျွန်တားနပ်စ်ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။
လက်ရှိမှာ ဟာ့ဒ်ဝဲ အင်ဂျင်နီယာဌာန အကြီးအကဲဖြစ်တဲ့ တားနပ်စ်ဟာ စက်တင်ဘာ ၁ ရက်နေ့မှာ စီအီးအိုရာထူးကို လွှဲပြောင်းရယူမှာပါ။ ကွတ်ကတော့ Apple ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေပါမယ်။
၂၀၁၁ ခုနှစ်ကတည်းက စီအီးအိုဖြစ်လာတဲ့ ကွတ်ရဲ့လက်ထက်မှာ Apple ဟာ ဒေါ်လာ ၄ ထရီလီယံ တန်ကြေးရှိတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတခု ဖြစ်လာခဲ့ပါတယ်။
တားနပ်စ်ဟာ Apple မှာ ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး iPad, iPhone နဲ့ AirPod အစရှိတဲ့ အဓိကထုတ်ကုန်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်က ထုတ်ပြန်ချက်မှာတော့ တားနပ်စ်က ရှေ့ဆက်ရမဲ့ အနာဂတ်အတွက် အကောင်းမြင် ကြောင်းနဲ့ ကွတ်ကို သူ့ရဲ့ ဆရာတဆူအဖြစ် ရည်ညွှန်းခဲ့ပါတယ်။
ဟာ့ဒ်ဝဲပိုင်း ကျွမ်းကျင်သူတယောက်က ကုမ္ပဏီကို ဦးဆောင်လာတာကြောင့် Apple အနေနဲ့ ခေါက်ဖုန်းတွေလိုမျိုး ထုတ်ကုန်အသစ်တွေကို ပိုမိုအာရုံစိုက်လာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ဉာဏ်ရည်တု (AI) နည်းပညာပိုင်းမှာ နောက်ကျနေတယ်လို့ ဝေဖန်ခံနေရတဲ့ Apple အတွက် တားနပ်စ်က အပြောင်းအလဲတွေ လုပ်ဆောင်လာနိုင်ပါတယ်။
ကွတ် ရာထူးကနေ အနားယူမဲ့ ဧပြီ ၂၀ ရက်နေ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာတော့ OpenAI အကြီးအကဲ ဆမ်အော့ထ်မန်းက ကွတ်ဟာ ဂန္ထဝင်မြောက်သူဖြစ်တယ်လို့ X လူမှုကွန်ရက် မှာ ချီးကျူးခဲ့ပါတယ်။
အခုအချိန်မှာတော့ Apple ဟာ ဆန်းသစ်တီထွင်မှုတွေ အမြန်ဆုံးလုပ်ဆောင်နိုင်တဲ့ခေတ်ကို ပြန်သွားဖို့ လိုအပ်နေပြီလို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။
Source:Reuters










