
iPhone Duo ခေါက်ဖုန်းတွေမှာ Screen အစင်းကြောင်းထင်တဲ့ ပြဿနာတွေကြောင့် ဟမ်းဆက် လဲလှယ်ပေးမယ်လို့ Apple ကုမ္ပဏီက ပြောပါတယ်။
Apple ထုတ် ခေါက်ဖုန်းကို အများကြီး မျှော်လင့်ခဲ့ရပြီးတဲ့နောက် ရောင်းချပြီး ရက်ပိုင်းအကြာမှာ Screen ပြဿနာတွေ ဖြစ်ပေါ်လာတာပါ။
iPhone Dou မျက်နှာပြင်မှာ အစင်းကြောင်းထင်တဲ့ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာပါ။ Apple က ခေါက်ဖုန်းတချို့ရဲ့ မျက်နှာပြင်ထိခိုက်မှု အနည်းငယ်ရှိတယ်လို့ ပြောခဲ့ပြီး အစားထိုးလဲလှယ်ဖို့ ကုမ္ပဏီကို ဆက်သွယ်နိုင်တယ်လို့ ပြောထားပါတယ်။
iPhone Duo ဟာ Apple ကထုတ်တဲ့ ပထမဆုံး ခေါက်ဖုန်းအမျိုးအစားဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ၁၉၉၉ ပေါင်နဲ့ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
iPhone Duo ကို ပြီးခဲ့တဲ့အပတ်က ဝယ်ယူဖို့ ကမ္ဘာအနှံ့ရှိ Apple စတိုးတွေမှာ စောင့်ဆိုင်းသူ များပြားခဲ့တာလည်း တွေ့ရပါတယ်။
Apple ဟာ ခေါက်ဖုန်းထုတ်လုပ်လိုက်ပြီး ပြိုင်ဘက်တွေကို စိန်ခေါ်နိုင်ဖို့နဲ့ Apple ထုတ်ကုန်သစ်အတွက် ပြန်လည်အားယူနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
ဖုန်းဝယ်ယူပြီးချိန်မှာတော့ မျက်နှာပြင်အလယ်က ခေါက်ရာထင်တယ်ဆိုပြီး ဓာတ်ပုံကို အွန်လိုင်းမှာ ဖော်ပြတဲ့သူတွေရှိသလို ခေါက်ဖုန်းကို ဖွင့်တဲ့အချိန်မှာလည်း ကြိတ်ချေလိုက်သလို အသံကြားရတယ်လို့လည်း ဆိုပါတယ်။
နယူးယောက်မှာနေတဲ့ ဂျက်တင်လိုကော့ ဆိုသူရဲ့ ဖုန်းက ညာဘက်ခြမ်းမှာ အစင်းကြောင်းတွေ ထင်နေတာကို ဖော်ပြခဲ့သလို Apple စတိုးက အသစ်လဲပေးတဲ့ဖုန်းနဲ့ ချို့ယွင်းနေတဲ့ဖုန်းကို ပူးတွဲဖော်ပြခဲ့တယ်လို့လည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ခေါက်ဖုန်းအရေအတွက် ဘယ်လောက် ချို့ယွင်းချက်ပါလဲ ဆိုတာတော့ Apple က ကြေညာတာမျိုး မရှိသေးပါဘူး။
လက်ရှိအချိန်မှာ AI ကို အသုံးပြုပြီး ပုံအတုတွေ ဖန်တီးပြီး အွန်လိုင်းမှာ ဖော်ပြတာမျိုးလည်း တွေ့ရပါတယ်။
Duo ခေါက်ဖုန်းတွေဟာ အလယ်မှာ ပတ္တာကို အသုံးပြုထားကာ တခြားပြိုင်ဘက် ခေါက်ဖုန်းတွေမှာလည်း အလားတူပြဿနာတွေ ရှိနေပါတယ်။
၂၀၁၉ ခုနှစ်က ထုတ်ခဲ့တဲ့ ဆမ်ဆောင်းရဲ့ ပထမဆုံး ခေါက်ဖုန်းထွက်တုန်းကလည်း အလယ်မျက်နှာပြင် ကျိုးနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
Source: Reuters











