
တရားခွင်တွေမှာ အမှုလိုက်နေရတဲ့ ရှေ့နေတွေအနေနဲ့ အဟန့်အတားတွေ ကြုံနေရသလို နိုင်ငံရေးအမှုလိုက်တဲ့ တရားဥပဒေပညာရှင်တွေဆို ပိုပြီးဆိုးဝါးတဲ့အခြေအနေတွေ ကြုံနေရကြောင်း တရားလွှတ်တော်ရှေ့နေတွေက ပြောပါတယ်။
တရားရုံးတွေ တခုနဲ့တခု အလှမ်းဝေးတာကြောင့် နေ့စဉ် သွားလာရေးအခက်အခဲတွေအပြင် တရားရုံး စာမှတ်စာတမ်း ကူးယူရတဲ့အခါမှာလည်း ဥပဒေက သတ်မှတ်ထားတဲ့ရက် ကျော်လွန်မှ ရတာတွေ၊ စာမှတ်စာတမ်း ကူးယူခနှုန်းထားတွေ အဆမတန်ပေးရတာတွေနဲ့ ရှေ့နေကိုယ်စားလှယ် လွှဲစာအတွက် ထောင်ပါဝါလျှောက်ရတဲ့အခါ သုံးပတ်ကနေ တလထိ ကြာမြင့်တာတွေ ကြုံနေရတယ်လို့ သိရပါတယ်။
ဒီအတွက်ကြောင့်ပဲ တရားရုံး စာမှတ်စာတမ်းမပါဘဲ တရားခွင်ဝင်ရတာတွေ၊ အခမဲ့ လိုက်ပါကူညီ ဆောင်ရွက်ရာမှာ ငွေကုန်ကြေးကျများတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်၊
ဒါ့အပြင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုအခင်းတွေ လိုက်ပါဆောင်ရွက်ရတဲ့ ရှေ့နေတွေအနေနဲ့ ခွဲခြားမှုတွေနဲ့ အဟန့်အတားတွေကို ကြုံတွေ့နေကြရကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက DVB ကို ပြောပါတယ်၊
“နိုင်ငံရေးအမှုကိုမှ လိုက်တဲ့ ရှေ့နေတွေပဲ ကြုံတွေ့ရတဲ့ အခက်အခဲကျတော့ ဘာလဲဆိုတော့ ကျမတို့ လုံခြုံရေးဆိုင်ရာ၊ ပုံမှန်အားဖြင့်ဆိုရင် ကျမတို့ ပါဝါတွေ တင်တယ်။ ကျမတို့ အမှုလိုက်တယ်၊ စအဖ ကနေပြီးတော့ အမှုတွင်းမှာ ထိုင်နားထောင်တယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ ဒီလိုမျိုး အမှုတွေကျ ထိုင်နားထောင်တယ်။ နားထောင်တဲ့အပြင် အဲဒီရှေ့နေရဲ့ လိပ်စာတောင်းပါတယ်၊ လိုင်စင်မိတ္တူ တောင်းပါတယ်၊ ရှေ့နေရဲ့ ဖုန်းနံပါတ်ကို တောင်းပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး information တွေ အကုန်လုံး အမှုတွဲထဲမှာ အကုန်လုံး ရှိသော်ငြားလည်းပဲ၊ လူရှိသူရှေ့မှာ အဲဒီလိုအမေးခံရတဲ့အခါမှာ အဲဒီရှေ့နေအနေနဲ့၊ kind of intimidation လို့ခေါ်တဲ့ သွယ်ဝိုက်သော နည်းအားဖြင့် ခြိမ်းခြောက်မှု ဒါမှမဟုတ် pressure ဖြစ်မှုလည်း ခံစားရတယ်။ ဒီလိုမျိုး treatment တွေက တချို့သော ရှေ့နေတွေအတွက် အဟန့်အတားလည်း ဖြစ်စေသလို၊ ရှေ့နေတွေအပေါ်မှာ independence of legal profession ကလည်း အခက်အခဲဖြစ်စေတယ်။”
ရှေ့နေတွေအနေနဲ့ လက်ရှိ တရားစီရင်ရေးစနစ်မှာ ဥပဒေအတိုင်း အမှုလိုက်ပါဆောင်ရွက်တဲ့အခါ ဖိအားတွေနဲ့ အဟန့်အတားတွေ ကြုံတွေ့နေရပြီး ဒီအခြေအနေတွေက တရားမျှတမှုရရှိရေးကို ထိခိုက်စေနိုင်ကြောင်းကိုလည်း တရားလွှတ်တော် ရှေ့နေတယောက်ကလည်း ပြောပါတယ်။
“နိုင်ငံရေးလို အမှုမျိုးမှာဆိုလို့ရှိရင် ၁၀ နာရီ ၁၁ နာရီလောက်ကို အမှုစစ်မယ်လို့ ခေါ်ထားပြီးပါပြီ၊ တနေကုန်လုံးကို အဲဒီရှေ့နေကို ထိုင်စောင့်ခိုင်းထားတာ။ တရားခွင်ကြီးက အလွတ်ကြီး၊ တရားသူကြီးတွေဟာ တရားခွင်ပေါ် ရောက်လာပြီဆိုရင် အမှန်တရားကို ရှာတာထက် ပိုက်ဆံရှာနေတဲ့ နေရာကြီး ဖြစ်နေတယ်။ အရပ်ဘက် အမှုတွေနဲ့လည်း ကြုံရတယ်၊ နိုင်ငံရေးအမှုတွေဆို ပိုတောင်ကြုံရသေးတယ်။ တချို့ နိုင်ငံရေးအမှုတွေဆို တရားသူကြီးတွေကအစ ပညာပြတာ။ အထက်က ပေးထားတဲ့ အမိန့်အတိုင်း ချတာ မချတာ၊ ဒါက သူတို့ဘာသာသူတို့ လုပ်ရမဲ့အပိုင်း၊ ဒါပေမဲ့ တကယ်တမ်း အမှုစစ်ဆေးနေတဲ့ အချိန်မှာ ဥပဒေနဲ့အညီ တရားရုံးမှာ အမှုစစ်ခွင့်ရှိဖို့အတွက်က တရားသူကြီးတွေမှာလည်း တာဝန်ရှိတယ်၊ လက်ရှိ ကြုံတွေ့နေရတဲ့ တရားရေးလောကမှာ အရမ်းကို စုတ်ပြတ်သတ်လွန်းတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ၊ အကျင့်သီလ ပျက်ယွင်းနေတဲ့ လုပ်ရပ်တွေဆိုတာ ပေါ်လွင်နေတယ်။”
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုလို အဟန့်အတားတွေနဲ့ တရားဥပဒေမစိုးမိုးတဲ့ ဖြစ်ရပ်တွေက ပိုမိုဆိုးဝါးလာတာဖြစ်ကြောင်းလည်း ရှေ့နေ့တွေက ပြောပါတယ်။
International Commission of Jurists (ICJ) ရဲ့ ၂၀၂၆ မတ်လမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ တရားမျှတစွာ စစ်ဆေးစီရင်ခွင့် (fair trial rights) ဆုတ်ယုတ်လာသလို ရှေ့နေတွေနဲ့ ဥပဒေပညာရှင်တွေအပေါ် ခြိမ်းခြောက်မှုတွေ ဆက်လက်ရှိနေတယ်လို့ ပြောဆိုထားပါတယ်။
တရားရုံးတွေဟာ တရားမျှတမှုဖော်ဆောင်တဲ့ အဖွဲ့အစည်းထက် ဖိနှိပ်ရေးယန္တရားအဖြစ် ပိုမိုလုပ်ဆောင်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။











