
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ကညင်ချောင်း ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလာလို့ နေအိမ် ၃ လုံး အရေးပေါ်ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ် ၂ ရပ်ကွက်က နေအိမ် ၃ လုံးကို ကညင်ချောင်း ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပါးပြိုကျလာလို့ ကမ်းပြိုကျတဲ့အထဲ ပါသွားမဲ့ အခြေအနေ ရောက်နေတာကြောင့် သြဂုတ် ၁ ရက်က အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ရတာလို့ သိရပါတယ်။
ဒေသခံ အရပ်သားတယောက်က “မပြောင်းရင် အန္တရာယ်ရှိတဲ့ အခြေအနေလေ၊ ဒါ့ကြောင့် အရေးပေါ် ဖျက်ရွှေ့ခဲ့ရတာ။ ကမ်းပါးက ရုတ်တရက် ပြိုကျလာတာ။ အခုတော့ ဘေးလွတ်တဲ့ နေရာမှာ ယာယီနေနေပါတယ်။ မိုးတွင်းကြီး အိမ်ဖျက်ပြောင်းရတော့ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
ကမ်းပါးပြိုကျလာလို့ နေအိမ် ၃ လုံးကို အင်္ဂပူမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပူးပေါင်းပြီး ကမ်းပြိုဘေးလွတ်တဲ့နေရာကို ယာယီပြောင်းရွှေ့ပေးထားတာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူက “ကမ်းပါးပြိုကျတာကတော့ ဒီနေ့အထိ ဖြစ်နေတုန်းပါ။ မပြောင်းရင် အကုန်အန္တရာယ်ရှိမဲ့ အခြေအနေမို့ အားချင်းပြောင်းရတာ” လို့ ပြောပါတယ်။
ကမ်းပြိုကျမှုကြောင့် နေအိမ်တွေ ဖျက်သိမ်းပြီး အရေးပေါ် ရွှေ့ပြောင်းခဲ့ရပေမဲ့ လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘဲ လတ်တလောအနေနဲ့ ဒေသခံတွေအနေနဲ့ ယာယီတဲထိုး နေတဲ့သူတွေလည်း ရှိသလို မိသားစုတွေဆီ ခေတ္တသွားနေတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ ကမ်းပြိုကျတဲ့ နေရာအနီးမှာ မကြာခဏ ကမ်းပါးပြိုကျမှု ဖြစ်ပွားတာရှိပြီး စစ်အာဏာရှင်ဘက်က ထိရောက်တဲ့ ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးတာမျိုး မရှိတာကြောင့် အခုလို အိမ်တွေ ဖျက်ဆီးပြီး အရေးပေါ်ပြောင်းရတဲ့အထိ ဖြစ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။










