
အက်စတွန်ဗီလာအသင်းဟာ လီဗာပူးအသင်းကို (၄-၂) ဂိုးနဲ့ အနိုင်ယူပြီး လာမဲ့ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာသွားပြီ ဖြစ်ပါတယ်။
ဗီလာအတွက် အိုလီဝက်ကင်းက ၂ ဂိုး၊ ရော်ဂျာနဲ့ မက်ဂင်န်းတို့က တဂိုးစီ သွင်းယူခဲ့ပြီး လီဗာပူးအတွက် ချေပဂိုး ၂ ဂိုးစလုံးကို နောက်ခံလူ ဗန်ဒိုက်က သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် နည်းပြယူနိုင်းအမ်မရီရဲ့ ဗီလာအသင်းဟာ ဗုဒ္ဓဟူးနေ့မှာကစားမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ဥရောပထိပ်တန်းပြိုင်ပွဲ ဝင်ခွင့်ကို ရရှိသွားတာ ဖြစ်ပါတယ်။
နည်းပြ အာနယ်ဆလော့တ်ရဲ့ လီဗာပူးအသင်းကတော့ ဒုတိယပိုင်းမှာ ခြေစွမ်းပိုင်း ဆိုးရွားခဲ့လို့ ကစားသမားဟောင်း ကာရေဂါက သာမန်အသင်းတသင်းလိုပဲလို့ ဝေဖန်ခဲ့ပါတယ်။
လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်သေချာဖို့အတွက် ရာသီပိတ် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မဖြစ်မနေ အနိုင်ကစားရဖို့ ရှိနေပါတယ်။











