
ရခိုင်-ပဲခူးရိုးမအောက်ခြေ၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးက ကပစ ၁၆ ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား အများအပြားကို အာရက္ခတပ်တော် (AA) က ဖမ်းမိထားတယ်လို့ စစ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံ ကပစ ၁၆ ကို ကာရံထားတဲ့ ကာကင်းစခန်းတွေကနေ ဧပြီ ၁ ရက်မှ ၅ ရက်အတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း အာရက္ခတပ်တော် (AA) က ဖမ်းမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီလအတွင်းမှာ မနေ့ကအထိဆိုရင် ထွက်ပြေးတဲ့ စစ်သားတွေများလို့ ဖမ်းမိတာတောင် ၁၀ ယောက်ကျော်နေပြီ။ ပြည်သူ့စစ်တွေများတယ်။”
ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော် (AA) ရဲ့ စနိုက်ပါလက်ချက်ကြောင့် သေဆုံးမှုများလာတဲ့အတွက် ထွက်ပြေးမှုတွေ များလာတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အခုရက်ပိုင်း AA ဘက်က သူတို့ကာကင်းစခန်းတွေက စနိုက်ပါနဲ့ပစ်တယ်။ ထိတာတွေများတော့ ကာကင်းစခန်းတွေမှာ မနေရဲကြလို့ ထွက်ပြေးကြတာ။”
စစ်ကောင်စီရဲ့ ကပစ ၁၆ ဟာ AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့အတွက် ဒရုန်းနဲ့ လေကြောင်းကနေ နေ့စဉ်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။










