
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆီရားချားမြို့ ဘော်ဝင်းရပ်ကွက်ထဲမှာ ဇူလိုင် ၁ ရက်က ဖဲရှုံးတဲ့ ထိုင်းအမျိုးသားတယောက်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် မြန်မာလုပ်သား တယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ မနက် ၇ နာရီကျော်က ဘော်ဝင်းရပ်ကွက် စက်ရုံအလုပ်သမားတန်းလျားမှာ ပစ်ခတ်မှုရှိပြီး သေဆုံးဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ်လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘော်ဝင်းနယ်မြေ ရဲစခန်း-ဒုရဲအုပ် ပတီဖတ် မာကယောက်က သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အသက် ၄၀ နှစ်ရွယ် မြန်မာအလုပ်သမား ကိုအောင်မျိုးမင်းရဲ့ နားထင်ကနေ ဦးခေါင်းကို ကျည်ဖောက်ဝင်တဲ့ ဒဏ်ရာနဲ့ အခန်းရှေ့ထိုင်ခုံမှာ သေဆုံးနေတာတွေ့ရတဲ့အပြင် မဇာဇာထွန်း (၃၉ နှစ်) မှာလည်း ညာဘက်ရင်အုံမှာ ကျည်ထိမှန်ပြီး ပြင်းထန်တဲ့ ဒဏ်ရာရထားကာ ကိုမင်းမျိုး (၃၅ နှစ်) မှာလည်း ညာဘက်လက်ကို ကျည်ဆန်ရှပ်ထိသွားပြီး ဒဏ်ရာမစိုးရိမ်ရပေမဲ့ ကယ်ဆယ်ရေးအဖွဲ့က အားလုံးကို ဆေးရုံပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှု ကျူးလွန်တဲ့ အသက် ၄၃ နှစ်အရွယ် နိုင်းဆိုင်းယုဒ်က ဘယ်မှထွက်မပြေးဘဲ အဲဒီနေရာမှာဘဲ ရဲတွေကို ဖြောင့်ချက်ပေးဖို့ ထိုင်စောင့်နေပါတယ်။
နိုင်းဆိုင်းယုဒ်ရဲ့ ထွက်ဆိုချက်အရ သူနဲ့ သေဆုံးသူအပါအဝင် မြန်မာလုပ်သားတချို့ဟာ ဇွန် ၃၀ ညက အတူတူ ဖဲကစားကြတာမှာ ဘတ် ထောင်ဂဏန်း ရှုံးသွားတယ်၊ အဲဒီနောက် ညဆိုင်း အလုပ်ဝင်ဖို့ ရပ်နားလိုက်ပါတယ်။
သူ အလုပ်ကပြန်ဆင်းတော့ မနေ့ညက ရှုံးထားတာကို အခဲမကျေဘဲ ပြန်ကစားဖို့ မြန်မာလုပ်သားတွေကို လာပြီးစိန်ခေါ်တယ်၊ ဒါပေမဲ့ အဲဒီအလုပ်သမားတွေက ကစားဖို့ ငြင်းပယ်တဲ့အပြင် သူ့ကို လှောင်ပြောင်သလို ကြည့်တာကြောင့် စိတ်ဆိုးပြီး အိမ်ထဲကို ၉ မမ ကျည် သေနတ်နဲ့ ပစ်ခတ်လိုက်တာလို့ ထွက်ဆိုပါတယ်။
အဲဒီမြန်မာအမျိုးသမီးကလည်း သူ့ယောကျ်ားဘက်က မှန်တယ်ပြောလို့ ပစ်ခတ်ရတာလို့ ဝန်ခံသွားပါတယ်။ တာဝန်ရှိသူတွေက နိုင်းဆိုင်းယုဒ်ကို ဖမ်းဆီးလိုက်ပြီး တမင်ရည်ရွယ်လူသတ်မှု၊ လက်နက်မှု၊ လောင်းကစားမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူတွေမှာ မိသားစုဝင်တခုတည်းဖြစ်ပြီး မဇာဇာထွန်းမှာ သေဆုံးသူ ကိုအောင်မျိုးမင်းရဲ့ ဇနီးဖြစ်ပြီး ဒဏ်ရာရတဲ့ ကိုမင်းမျိုးကတော့ မဇာဇာထွန်းရဲ့ မောင် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Daily News / Workpoint 23 News










