
ပြင်သစ်နိုင်ငံမှာ ပညာရေးအခြေအနေ ဆိုးရွားညံ့ဖျင်းမှုတွေအပေါ် ဆန္ဒပြပွဲတွေ ဆက်လုပ်နေကြချိန် အောက်တိုဘာ ၅ ရက်မှာ ပြင်သစ်အထက်တန်းကျောင်း ကျောင်းသားတွေဟာ နိုင်ငံတဝန်းရှိ ကျောင်းတွေကို လမ်းပိတ်ဆို့ထားခဲ့တာကြောင့် ကျောင်းပေါင်း ၄၀၀ - ၅၀၀ လောက်ကို ပိတ်ထား လိုက်ရတယ်လို့ ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မုဒ်ဘရီယွန်က ပြောပါတယ်။
ဆန္ဒပြကျောင်းသားတွေရဲ့ တရားဝင် တောင်းဆိုချက်တွေကို လျစ်လျူရှုတာ မဟုတ်ပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေ၊ မီးသတ်သမားတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ရည်ရွယ်ပြီး ကျောက်ခဲနဲ့ ပေါက်တာလိုမျိုး အလွန်အမင်း အကြမ်းဖက်တာတွေကိုတော့ လုံးဝ လက်မခံပါဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်တာတွေဟာ အစိုးရအပြစ်မဟုတ်ဘဲ ဖျက်လိုဖျက်ဆီးလုပ်တဲ့ လူဆိုးလူမိုက်တွေရဲ့ အပြစ်ဖြစ်ပြီး ပါဝင်သူတွေက လူငယ်တွေ ဖြစ်နေတာကြောင့် မိဘတွေရဲ့ တာဝန်ယူမှုကိစ္စပါ ပေါ်လာတယ်လို့လည်း ပြောပါတယ်။
အဓိကဦးစားပေးကတော့ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းမှု ပြန်ဖော်ဆောင်ဖို့ပါပဲလို့ ပြင်သစ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မုဒ် ဘရီယွန်က ပြောပါတယ်။
ပါရီမြို့က တာဂိုအထက်တန်းကျောင်းရှေ့မှာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေဟာ "ပြောတာတွေကို နားထောင်ပေးပါ၊ မျက်ရည်ယိုဗုံး မပေးပါနဲ့"၊ "အသံကို နားထောင်ပေးစေချင်ပေမဲ့ အနိုင်ကျင့်ခံ ခဲ့ရတယ်" စတဲ့ စာသားပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
အော်ဘာဗီလီယာစ်မြို့က အွန်ရီဗယ်လွန်ကျောင်းမှာလည်း ဆန္ဒပြသူတွေက "ကျောင်းဆင်း လက်မှတ် (bac) ကိုပဲ လိုချင်တာပါ၊ ပြင်သစ်ရာဇဝတ်မှု တိုက်ဖျက်ရေးတပ်ဖွဲ့ (BAC) ကို မလိုချင်ပါဘူး"၊ "ဆင်ခြေဖုံးက ဖြစ်နေရုံနဲ့ တန်ဖိုးမရှိတာ မဟုတ်ပါဘူး" ဆိုတဲ့ စာတန်းတွေကို ချိတ်ဆွဲပြသခဲ့ကြပါတယ်။
အသက် ၁၈ နှစ်အရွယ် နောက်ဆုံးနှစ်ကျောင်းသား ကဲစ်ဒီမယ်လ်ကတော့ "ဒီအတိုင်း ဆက်ပြီး လက်ပိုက်ကြည့်နေလို့ မရတော့ဘူး၊ တော်လောက်ပြီ" ဆိုတဲ့ မက်ဆေ့ချ်ကို ပေးချင်လို့ အခုလို ဆန္ဒထုတ်ဖော်နေကြတာပါလို့ ပြောပါတယ်။
ဒါ့အပြင် ပါရီမြို့အနီးတဝိုက်က ကျောင်းတွေကိုတင်မကဘဲ နိုင်ငံတဝန်းက ကျောင်းအားလုံး အခွင့်အရေး တန်းတူညီမျှ ရှိစေဖို့ အမျိုးသားပညာရေးဝန်ကြီးဌာနအနေနဲ့ အားလုံးကို တန်းတူ ထောက်ပံ့ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
Source:Reuters










