
ပြင်သစ်နိုင်ငံတဝန်း အောက်တိုဘာ ၂၄ ရက် စနေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်း ၄၁၀,၀၀၀ ကျော် လမ်းပေါ်ထွက်ခဲ့ပြီး ပါရီမြို့မှာတင် လူ ၁၁၀,၀၉၀ ကျော် ပါဝင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာလူ ၁,၃၀၀ ကျော် ဖမ်းဆီးခံရပြီး မီးရှို့မှု ၇၅ ကြိမ်နဲ့ ဈေးဆိုင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။
အာဏာပိုင်တွေကတော့ လွန်ခဲ့တဲ့အပတ်ကလောက် အကြမ်းဖက်မှု မပြင်းထန်တော့ဘူးလို့ ဆိုပါတယ်။ အထက်တန်းကျောင်းသားတွေဟာ ကျောင်းအခြေအနေ ပိုကောင်းမွန်ရေးနဲ့ ပညာရေးပြုပြင် ပြောင်းလဲဖို့ ကမ်ပိန်းလုပ် ဆန္ဒပြနေကြတာပါ။
မာဆေးလ်မြို့ ဆန္ဒပြပွဲဟာ အေးအေးဆေးဆေး စခဲ့ပေမဲ့ မြို့တော် ပါရီအနီးမှာ လူမျိုးရေးခွဲခြားမှုလို့ ယူဆရတဲ့ တိုက်ခိုက်မှုကြောင့် လူတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး ၁၂ နှစ်အရွယ် မိန်းကလေး အပါအဝင် ၅ ယောက် ဒဏ်ရာရခဲ့ပြီးနောက် တင်းမာမှုတွေ မြင့်တက်လာပါတယ်။
မာဆေးလ် ဆန္ဒပြသူတွေဟာ သေဆုံးသူအတွက် ၁ မိနစ် ငြိမ်သက်ပေးခဲ့ကြပါတယ်။
ကျောင်းသားဆန္ဒပြသူ ကလီးမန့်က သူတို့အနေနဲ့ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာ မနေချင်ဘူးလို့ ပြောသလို တချို့ကလည်း အကြမ်းဖက်မှုတွေဖြစ်ရတာ ရဲတပ်ဖွဲ့ကြောင့်လို့ စွပ်စွဲကြပါတယ်။
ဆန္ဒပြသူတွေဟာ မာဆေးလ်မြို့က သမိုင်းဝင်အောင်ပွဲခံ ကျောက်တံခါးကြီးဖြစ်တဲ့ အာ့ခ်ဒို ထရီယွန့်ဖ် ဒိုလာပေါ့တ်ဒဲခ်စ် ရှေ့ကနေ မဖယ်ပေးတာကြောင့် မီးရှို့မှုတွေ ဖြစ်လာပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ နံပါတ်တုတ်တွေသုံးကာ လူအုပ်ကို မောင်းထုတ် ဖြိုခွင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလို မီးရှို့၊ လုယက်၊ ရှုပ်ထွေးပြီး ပရမ်းပတာ မဖြစ်အောင် အာဏာပိုင်တွေဟာ နိုင်ငံတဝန်း ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ အထိ ချထားခဲ့ပါတယ်။
မီးရှို့မှုတချို့ ရှိခဲ့ပြီး လူအုပ်စုငယ်အချို့ လမ်းကြားတွေထဲ ဝင်ရောက် ဆူပူခဲ့ကြပေမဲ့ ပါရီ၊ လီယွန်နဲ့ မာဆေးလ်တို့လို မြို့ကြီးတွေမှာတော့ အခြေအနေကို အဓိက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဆန္ဒပြရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိနေပြီး ဆန္ဒပြသူတယောက်ကတော့ လက်ရှိ ပြင်သစ်မှာ ပြည်သူတွေ ဘဝရပ်တည်ရတာ အရမ်းခက်ခဲတယ်လို့ ပြောပါတယ်။
ကျောင်းသားတွေက ပညာရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် တောင်းဆို နေပေမဲ့ ပြင်သစ်အစိုးရက ဒေါ်လာ ၁ ဘီလီယံကျော်ပဲ ပေးနိုင်မယ်လို့ ဆိုပါတယ်။
သမ္မတ အီမန်နျူယယ် မက်ခွန်းဟာ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံခဲ့ပေမဲ့ ညှိနှိုင်းဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။အရေးပါတဲ့ သမ္မတရွေးကောက်ပွဲ လပိုင်းအလိုလောက်သာ နီးလာတာနဲ့အမျှ ကျောင်းသားတွေကတော့ သူတို့အနာဂတ်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
Source:Reuters











