အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ အီရတ်နိုင်ငံကနေ အလုံးစုံနဲ့ အပြီးအပိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်-ဇိုင်ဒီက အောက်တိုဘာ ၁ ရက်မှာ အတည်ပြု ပြောကြားခဲ့ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝ ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
နိုင်ငံတော်ကို မိန့်ခွန်းပြောကြားရာမှာ ဝန်ကြီးချုပ် အယ်လ်-ဇိုင်ဒီက အောက်တိုဘာ ၁ ရက်နေ့ဟာ “အီရတ်ရဲ့ ခရီးလမ်းမှာ အခန်းကဏ္ဍသစ်တခု” စတင်တဲ့နေ့ ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁ ရက်နေ့ဟာ နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ လက်နက်ခဲယမ်း ပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ငန်းစဉ်တွေ စတင်တဲ့နေ့လည်း ဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်အတွက် လမ်းပြမြေပုံကိုတော့ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။
အစိုးရအနေနဲ့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို အာမခံချက်ရှိစေဖို့နဲ့ နယ်စပ်လုံခြုံရေးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် အီရတ်နယ်မြေအတွင်း ရောက်ရှိနေတဲ့ အီရတ်နိုင်ငံသား မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အားလုံးကို လုံးဝ လက်နက်စွန့်လွှတ်ခိုင်းသွားမယ်လို့ အယ်လ်-ဇိုင်ဒီက ပြောပါတယ်။
အီရတ်နိုင်ငံအတွင်းက အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (IS) ကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ မစ်ရှင် တရားဝင် ပြီးဆုံးပြီဖြစ်ကြောင်း တရားဝင်ကြေညာပြီး တရက်အကြာမှာ အခုလို မှတ်ချက်ပေး ပြောဆိုလာတာပါ။
အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကိုတော့ အစွန်းရောက်အဖွဲ့က အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ နယ်မြေအမြောက်အမြားကို သိမ်းပိုက်ပြီးနောက် အီရတ်တပ်ဖွဲ့တွေကို IS တိုက်ဖျက်ရေးမှာ ကူညီပေးဖို့အတွက် ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အီရတ်တပ်ဖွဲ့တွေဟာ ညွန့်ပေါင်းအဖွဲ့ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့အတူ ၂၀၁၇ ခုနှစ်မှာ အီရတ်နိုင်ငံအတွင်းက IS ရဲ့ နယ်မြေအခြေစိုက်မှုကို အနိုင်ယူ ချေမှုန်းနိုင်ခဲ့ပြီး ညွန့်ပေါင်းအဖွဲ့ကတော့ ကျန်ရှိနေသေးတဲ့ လက်ကျန်စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










