
လာမဲ့ ဇူလိုင် ၁၃ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကရင်၊ ကရင်နီ၊ ချင်း အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို သီးခြားစီ အလွတ်သဘောတွေ့ဆုံဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး အခုအချိန်ထိ ထိုင်းဘက်က တစုံတရာ ဆက်သွယ်လာတာမျိုး မရှိသေးဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က DVB ကို ပြောပါတယ်။
“ကျမတို့ အဲ့သတင်းနဲ့ပတ်သက်ပြီးတော့ အခုအချိန်ထိပေါ့ အခုအချိန်ထိ ၁၀ ရက်နေ့ရှိပြီ၊ အခုချိန်ထိ ကျမတို့ဆီကို ဆက်သွယ်လာတာမရှိသေးပါဘူး။ ကျမတို့ တချို့အာဆီယံက တချို့တခြား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တော့ တွေ့တာရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘောရော အစည်းအဝေးတွေမှာရော တွေ့ဖို့ဆိုပြီး ကျမတို့ဆီကို အကြောင်းကြားလာတာ ဆက်သွယ်လာတာ မရှိခဲ့ပါဘူး။ အခုအချိန်ထိလည်း မရှိသေးပါဘူးလို့ပဲ ပြောချင်ပါတယ်။”
NUG ဘက်က ထိုင်းအစိုးရအပါအဝင် အာဆီယံနိုင်ငံတခုချင်းစီနဲ့ တွေ့ဆုံနိုင်ဖို့ မကြာခဏ တောင်းဆိုလေ့ရှိပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ အခုအချိန်ထိ တစုံတရာ အကြောင်းပြန်လာတာမျိုး မရှိသေးဘူးလို့လည်း ဒေါ်ဇင်မာအောင်က ဆက်ပြောပါတယ်။
“ကျမတို့ဘက်ကတော့ ထိုင်းဘက်ကိုကော အာဆီယံနိုင်ငံတခုချင်းစီကော တွေ့ဖို့ဆိုတာကို မကြာခဏ တွေ့ခွင့်တောင်းတာရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဖိုဆိုတာမျိုးက ကျမတို့ဘက်ကပဲ တောင်းဆိုတာရှိပြီးတော့ ထိုင်းဘက်က တခါမှ ကျမတို့ဆီကို အကြောင်းပြန်လာတာမျိုး အခုအချိန်ထိမရှိသေးပါဘူး။”
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ EAO တွေ တွေ့ဆုံမယ်ဆိုတဲ့ ပတ်သက်ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ဒီသတင်း ရေးသားတင်ဆက်ချိန်အထိ တစုံတရာ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။
လက်ရှိ ဒေသတွင်းသံတမန်ရေးရာ အခင်းအကျင်းမှာတော့ အာဆီယံရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိရေးအတွက် စစ်အာဏာရှင်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကြား အကြိတ်အနယ် အားပြိုင်နေကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်အစိုးရဘက်က သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွက် အာဆီယံရဲ့ ထောက်ခံမှု ရရှိဖို့နဲ့ ဒေသတွင်းအစည်းအဝေးတွေမှာ ဝန်ကြီးအဆင့် ပြန်လည်တက်ရောက်ခွင့်ရဖို့ ကြိုးပမ်း နေချိန်မှာပဲ၊ NUG ဘက်ကလည်း မြေပြင်စိုးမိုးမှုအပြင် နိုင်ငံတကာနဲ့ အာဆီယံက တရားဝင် ဆက်ဆံရေးထူထောင်လာစေဖို့ သံတမန်ရေးရာ ထိုးဖောက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ ဇူလိုင် ၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်မှာ အာဆီယံဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ တွေ့ဆုံသွားမယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောပါတယ်။










