
အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၄၅ ရက် သက်တမ်းတိုးဖို့ သဘောတူလိုက်ကြ ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၅ ရက်မှာ ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီပစ်ဂေါ့တ်က "ရန်လိုမှုတွေရပ်ဆိုင်းပြီး နောက်ထပ်တိုးတက်မှုတွေ ရရှိလာစေဖို့ ဧပြီ ၁၆ ရက်က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ၄၅ ရက် ထပ်ပြီး သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
မေ ၁၄ နဲ့ ၁၅ ရက်တွေတုန်းက အမေရိကန်နိုင်ငံဟာ အစ္စရေးနဲ့ လက်ဘနွန်တို့အကြား အလွန်အကျိုးရှိတဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တယ်လို့လည်း ပြောပါတယ်။
အခုတကြိမ် ညှိနှိုင်းဆွေးနွေးမှုတွေကို နိုင်ငံရေးနဲ့ လုံခြုံရေးဆိုပြီး လမ်းကြောင်း ၂ ခု ခွဲကာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို လာမဲ့ ဇွန် ၂ ရက်နဲ့ ၃ ရက် နေ့တွေမှာ ပြန်လည်စတင်သွားမှာဖြစ်သလို၊ ထူးခြားချက်အနေနဲ့ မေ ၂၉ ရက်မှာ ၂ နိုင်ငံလုံးက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်မဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲလမ်းကြောင်းသစ် တခုကို ပင်တဂွန် အမေရိကန်စစ်ဌာနချုပ်မှာ စတင်မှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ ၂ နိုင်ငံအကြား ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ တနိုင်ငံနဲ့တနိုင်ငံ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို အပြည့်အဝအသိအမှတ်ပြုဖို့နဲ့ နှစ်နိုင်ငံနယ်စပ် တလျှောက် စစ်မှန်တဲ့ လုံခြုံရေးကို တည်ဆောက်နိုင်ဖို့ အမေရိကန်ဘက်က မျှော်လင့်နေပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန်ဆိုင်ရာ အစ္စရေးသံအမတ်ကြီး ယခီးယယ်လ်လိုက်တာ ကလည်း လက်ဘနွန်၊ အမေရိကန် အရာရှိတွေနဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့လို့ နောက်ထပ်တက်လှမ်းမဲ့ အဆင့်တွေကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
အစ္စရေးသံအမတ်ကြီးက "ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ပွင့်လင်းပြီး အပြုသဘောဆောင် ပါတယ်။ အတက်အကျတွေတော့ ရှိနိုင်ပေမဲ့ အောင်မြင်ဖို့ အလားအလာ အများကြီးရှိပါတယ်။ ဆွေးနွေးပွဲတလျှောက်လုံးမှာ ကျနော်တို့အတွက် အရေးအကြီးဆုံးကတော့ ကိုယ့်နိုင်ငံသားတွေနဲ့ စစ်သားတွေရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်" လို့ လူမှုကွန်ရက်မှာ ရေးပါတယ်။
ဒီတပတ်ဆွေးနွေးပွဲဟာ အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်အပေါ် ဆင်နွှဲတဲ့စစ်ပွဲ စတင်ပြီး ၃ ရက် အကြာ၊ မတ် ၂ ရက်မှာ ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း၊ နှစ်ဖက်အကြား တတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။
အမေရိကန်-အီရန်ပဋိပက္ခနဲ့အပြိုင် ဖြစ်ပွားနေတဲ့ အစ္စရေးရဲ့ လက်ဘနွန်စစ်ပွဲဟာ သမ္မတထရမ့်ပ်က ဧပြီ ၁၆ ရက်မှာ အပစ်ရပ်ရေး ကြေညာခဲ့ပြီးကတည်းက တရိပ်ရိပ်နဲ့ ဆက်လက် ဖြစ်ပွားနေခဲ့ပေမဲ့ တိုက်ခိုက်မှုအများစုကို လက်ဘနွန်တောင်ပိုင်းမှာပဲ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
Source:Reuters










