အစ္စရေးဟာ ဧပြီ ၈ ရက် ဒီမနက်မှာ လက်ဘနွန်နိုင်ငံ၊ ဆိုင်ဒန်ဆိပ်ကမ်းမြို့က ကဖေးဆိုင်တခုကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာတော့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်နေသလို လမ်းပေါ်မှာလည်း အပျက်အစီးတွေ ပြန့်ကျဲနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို “ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့နဲ့ မဖွင့်ပေးရင် အခြေခံအဆောက်အအုံတွေကို အပြင်းအထန် တိုက်ခိုက်တော့မယ်” လို့ ရာဇသံပေးထားတဲ့ နောက်ဆုံးအချိန်သတ်မှတ်ချက် မပြည့်ခင် ၂ နာရီအလိုမှာပဲ အီရန်နဲ့ ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီးနောက်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
အင်္ဂါနေ့တုန်းက ဒေါ်နယ်ထရမ့်ပ်က “အီရန်ဘက်က တောင်းဆိုချက်တွေကို မလိုက်နာရင် ဒီညမှာ လူ့အဖွဲ့အစည်းတခုလုံး ပျက်သုဉ်းသွားလိမ့်မယ်” လို့ လူမှုကွန်ရက်ကနေ ပြင်းပြင်းထန်ထန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် ၂ နာရီအလိုမှာပဲ ရုတ်တရက် သဘောထားပြောင်းပြီး အပစ်ရပ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော် အရာရှိ ၂ ယောက်က အစ္စရေးဟာ ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုကို ရပ်ဆိုင်းဖို့လည်း သဘောတူညီခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဒီအပစ်ရပ်ရေးမှာ ကြားဝင်စေ့စပ်ပေးတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က “ဒီသဘောတူညီချက်ထဲမှာ လက်ဘနွန်မှာလုပ်နေတဲ့ စစ်ဆင်ရေးတွေ ရပ်ဖို့လည်းပါတယ်” လို့ ပြောပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ လက်ဘနွန်ကို တိုက်ခိုက်တာတွေရပ်ဖို့ သဘောမတူထားဘူးလို့ ဒီနေ့မှာပဲ ပြန်ငြင်းပယ်လိုက်ပါတယ်။
Source: Reuters










