DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အတွက် ရခိုင်ပြည်နယ်မှ လူပို့ပေးနေသည့် အမျိုးသမီး ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံရ
DVB
·
September 7, 2026
Photo: အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့
Photo: အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့
Donate to DVB

ရခိုင်ပြည်နယ်ကနေ ပြည်ပအလုပ်အကိုင်အတွက် လူပို့ပေးနေတဲ့ အမျိုးသမီး ၂ ယောက်ကို အာရက္ခတပ်တော် (AA) ရဲဌာနက အမှုဖွင့်လိုက်တယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုလို တရားမဝင် ​လူမှောင်ခိုပို့ဆောင်မှုကြောင့် အမှုဖွင့်ခံထားရသူတွေကတော့ မြောက်ဦးမြို့နယ် အိုးထိန်းရွာက အသက် ၃၀ နှစ်အရွယ် ယဉ်ယဉ်ဝင်းနဲ့ ပလက်ဝမြို့နယ် ဟုန်းရွာက အသက် ၂၁ နှစ်အရွယ် ခိုင်မြတ်မွန်တို့ ဖြစ်ပါတယ်။

မြောက်ဦးနဲ့ ပလက်ဝမြို့နယ်ကနေ ပြည်ပမှာ အလုပ်လုပ်ဖို့ အကျိုးဆောင်လိုင်စင်မရှိဘဲ လူပို့ပေးနေတယ်ဆိုတဲ့ အမျိုးသမီး ၂ ယောက်ကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီလပ်ဌာနနဲ့ နီးစပ်သူတယောက်က “အာရက္ခပြည်သူ့အစိုးရဆီက အကျိုးဆောင်ခရီး သွားလာခွင့်မပါဘဲ မှောင်ခိုလမ်းတွေက သယ်ယူတယ်။ တချို့ဆို ဝရမ်းပြေး တပ်ပြေးတွေ ပါသွားတယ်။ တရားဝင်အကျိုးဆောင် လူတွေကတော့ မထွက်ခွာမီကပင် ရုံးကို စာတင်တယ်။ ရုံးက လူကို စိစစ်တယ်။ တရားဝင် သွားခွင့်ပြုတယ်။ တရားမဝင်ဘဲ မှောင်ခိုလုပ်တဲ့လူတွေကြောင့် စကစဆီမှာ အဖမ်းဆီးခံသွားရတာ အများကြီးရှိနေတယ်။ အခုလို တင်းကျပ်တာ စကစရန်ကလည်း လွတ်တယ်” လို့ ပြောပါတယ်။

အမ်းလမ်း၊ တောင်ကုတ်လမ်း၊ ဆောလမ်းဘက်တွေက ရခိုင်ကနေ မှောင်ခိုလူပို့နေတဲ့ ပွဲစားတွေကြောင့် စစ်တပ်စစ်ကြောင်းနဲ့ ဂိတ်တွေမှာ ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် အခုလို AA က သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနက ခွင့်ပြုချက်ယူပြီး သွားလာစေဖို့ လုပ်ဆောင်ထားတာလို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ် အိုးထိန်းရွာက ယဉ်ယဉ်ဝင်းကို ဩဂုတ် ၁၄ ရက်က သူရဲ့နေအိမ်ကနေ ဖမ်းဆီးခဲ့ပြီး ပလက်ဝမြို့နယ် ဟုန်းရွာက ခိုင်မြတ်မွန်ကိုတော့ ဩဂုတ် ၁၀ ရက်က ချင်းပြည်၊ ကျင်ဒွေးမြို့မှာ ဖမ်းဆီးခဲ့တယ်လို့ ဒီလပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလပ်ရဲ့ ထုတ်ပြန်ချက်အရ အဲဒီအမျိုးသမီး ၂ ယောက်ဟာ ပြည်ပမှာ အလုပ်လုပ်ဖို့ သွားမဲ့သူတွေကို ရှာဖွေပြီး ပို့ဆောင်ပေးတဲ့လုပ်ငန်း လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ဆန္ဒရှိတဲ့ မဦးခိုင်စောနဲ့ မအေးခိုင်စောတို့ဆီကနေ တယောက်ကို ငွေကျပ်သိန်း ၅၀ ရယူဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရန်ကုန်မြို့ကို သွားမယ့် မနှင်းနှင်းချိုနဲ့ မတင်တင်ဝေတို့ကိုလည်း ပို့ဆောင်ပေးဖို့ သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် သူတို့ကို စက်လှေနဲ့ ဆိုင်ကယ်ကယ်ရီတွေ အသုံးပြုပြီး မြောက်ဦးကနေ ပလက်ဝဘက်၊ အဲဒီကနေ ချင်းပြည် ကျင်ဒွေးမြို့ဘက်ကို ပို့ဆောင်ခဲ့တာလို့ ဒီလပ်က ပြောပါတယ်။

အကျိုးဆောင်လိုင်စင်မရှိဘဲ အခကြေးငွေရယူကာ ပြည်ပအလုပ်အကိုင်အတွက် လူပို့ပေးခဲ့တဲ့ ယဉ်ယဉ်ဝင်းနဲ့ ခိုင်မြတ်မွန်တို့အား ဒီလပ်စခန်းကို လွှဲပြောင်းအပ်နှံခဲ့ပြီး ဩဂုတ် ၃၀ ရက်က ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၃၁ ရက်မှာ ချုပ်မိန့်ရမန်ယူပြီး ဆက်လက်စစ်ဆေးနေတယ်လို့လည်း ဒီလပ်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သူတို့ ၂ ယောက်ကို ဥပဒေနဲ့အညီ ထိန်းသိမ်းစစ်ဆေးနေပြီး အမှုကို ခိုင်မာအောင် ဆက်လက်ဆောင်ရွက်ကာ ဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲတင်သွားမယ်လို့ ဒီလပ်က ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013