
ရန်သူနိုင်ငံအဖြစ် တောင်ကိုရီးယားရဲ့ စစ်မှန်တဲ့အရောင်တွေ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိ တယောက်က ဧပြီ ၇ ရက်မှာ ပြောပါတယ်။
ဒါကြောင့် ဒရုန်းကျူးကျော်မှုနဲ့ပတ်သက်ပြီး မကြာသေးမီက အပြန်အလှန်ဆွေးနွေးမှုက ဆက်ဆံရေး တိုးတက်စေဖို့ တံခါးဖွင့်ပေးခဲ့တယ်ဆိုတဲ့ တောင်ကိုရီးယားအစိုးရရဲ့ အကောင်းမြင်မှုကို လျော့ပါးစေခဲ့ပါတယ်။
ဖြစ်ရပ်အပေါ် နောင်တရကြောင်း တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ရဲ့ ဖော်ပြချက်ကို မြောက်ကိုရီးယားအစိုးရက ရှားရှားပါးပါး လက်ခံခဲ့ပါတယ်။
အဲဒီနောက် တောင်ကိုရီးယားမှာ မျှော်လင့်ချက်ပြည့်နေတဲ့ အိပ်မက်ဖတ်ခြင်းလို့ ခေါ်ဆိုတဲ့ အရာကို အင်္ဂါနေ့နှောင်းပိုင်းမှာ နိုင်ငံပိုင်မီဒီယာ KCNA ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ဌာနညွှန်ကြားရေးမှူး ဂျန်ကွန်းချွိုင်က ဝေဖန်ခဲ့တာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးမားတဲ့ ညီမ ကင်မ်ယိုးဂျုံက အရင်ညက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ပြေလည်စေရေး အချက်ပြမှုထက် တောင်ကိုရီးယားအစိုးရ အတွက် သတိပေးချက်တရပ်သာ ဖြစ်တယ်လို့ ဂျန်က ပြောပါတယ်။
နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးတဲ့ ရည်ရွယ်ချက်တွေ ဒါမှမဟုတ် အဆင့်မြင့် သဘောတူညီချက်ကို ထင်ဟပ်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပယ်ချခဲ့တယ်လို့လည်း သူက ဆက်ပြော ပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားအနေနဲ့ ထိတွေ့ဖို့ ကြိုးပမ်းချက်တွေကို ရှောင်ကြဉ်သင့် တယ်လို့ ထပ်ပြောနေတာပါ။
ဒါပေမဲ့လည်း သမ္မတ အီရဲ့ တောင်းပန်မှုနဲ့ ထပ်မဖြစ်အောင် ကာကွယ်ဖို့ ကတိပြုချက်ကို အလွန်ကံကောင်းပြီး ဉာဏ်ပညာရှိတယ်လို့ ဖော်ပြတဲ့ ကင်မ်ရဲ့ အစောပိုင်း မှတ်ချက်တွေဟာ စစ်ရေး တင်းမာမှုတွေကို လျှော့ချဖို့ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတရပ် ဖြစ်တယ်ဆိုတဲ့ တောင်ကိုရီးယား အစိုးရရဲ့ အကဲဖြတ်ချက်နဲ့ ဒီမှတ်ချက်တွေက ကွဲလွဲနေပါတယ်။
Source: Reuters











