
အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်က ပြည်သူ့ရေးရာကဏ္ဍတွေမှာ ပါဝင်ပတ်သက်မှု ပိုများလာတာကို ဆန့်ကျင်ကန့်ကွက်လေ့ရှိတဲ့ တက်ကြွလှုပ်ရှားသူ အန်ဒရီးယူနွတ်စ်ကို အက်ဆစ်နဲ့ ပက်ခဲ့တယ်လို့ စွပ်စွဲခံရသူ စစ်ဖက်အရာရှိ ၄ ယောက်ကို စစ်ဖက်ဆိုင်ရာအစိုးရရှေ့နေတွေက ဧပြီ ၂၉ ရက်မှာ တရားစွဲဆို လိုက်ပြီး သူတို့ကို အမြင့်ဆုံးထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ဖို့လည်း တောင်းဆိုပါတယ်။
KontraS လို့ လူသိများတဲ့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ပျောက်ဆုံးနေသူတွေနဲ့ အကြမ်းဖက်မှုရဲ့ သားကောင်များဆိုင်ရာ ကော်မရှင်ရဲ့ ဒုတိယညှိနှိုင်းရေးမှူး အန်ဒရီးယူနွတ်စ်ကို မတ် ၁၂ ရက်မှာ မော်တော်ဆိုင်ကယ် စီးလာသူတွေက အက်ဆစ်နဲ့ပက်လို့ မျက်နှာနဲ့ ခန္ဓာကိုယ်ရဲ့ ၂၀ ရာခိုင်နှုန်း အက်ဆစ်လောင်ကျွမ်းဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အန်ဒရီးယူနွတ်စ်ဟာ သေရာပါ အမာရွတ် ဖြစ်ကျန်ခဲ့ပြီး ညာဘက်မျက်လုံး လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားပါတယ်။
ဒီဖြစ်ရပ်အပေါ်မှာ ဒေသတွင်းသာမက နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြ ပါတယ်။
စစ်တပ်အစိုးရရှေ့နေ အူပန်းဂျာယာဆူပီနာက တရားရုံးမှာ ဖတ်ကြားရာမှ “တရားစွဲခံထားရသူတွေ ဟာ အန်ဒရီးယူနွတ်စ်ကို ဓာတုအရည်နဲ့ ပက်ခဲ့တဲ့ အကြောင်းရင်းက သူ့ကို သင်ခန်းစာပေးဖို့နဲ့ အင်ဒိုနီးရှားအမျိုးသား စစ်တပ်ကို မဟုတ်မမှန် စွပ်စွဲပြောဆိုတာတွေ မလုပ်ရဲအောင် တားဆီးဖို့ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒီလို ဓာတုအရည်နဲ့ ပက်ခဲ့တာကြောင့် အန်ဒရီး ယူနွတ်စ်ရဲ့ ညာဘက်မျက်လုံး အမြင် ပျောက်ဆုံး သွားပြီး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့သလို အပြည့်အဝ ပြန်ကောင်းလာနိုင်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။
ဒီလုပ်ရပ်ဟာ အင်ဒိုနီးရှား အမျိုးသားစစ်တပ်ရဲ့ စစ်သားတယောက်အနေနဲ့ လုံးဝ မသင့်လျော်တဲ့ အပြုအမူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရားရုံးမှတ်တမ်းတွေအရ အရာရှိ ၄ ယောက်ကို "ပြင်းထန်တဲ့ ကြိုတင်ကြံစည်တိုက်ခိုက်မှု" နဲ့ အင်ဒိုနီးရှား ရာဇသတ်ကြီးဥပဒေအရ တရားစွဲထားတာဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် ၁၂ နှစ် ဖြစ်ပါတယ်။
တရားခွင်ကို ဗိုလ်ကြီးအဆင့်ကနေ ဒုတပ်ကြပ်အဆင့်အထိရှိတဲ့ အရာရှိ ၄ ယောက်စလုံး တက်ရောက်ခဲ့ကြပါတယ်။
အင်ဒိုနီးရှား အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Komnas HAM) ရဲ့ သီးခြားစုံစမ်းစစ်ဆေးမှုအရ ဒီတိုက်ခိုက်မှုမှာ ပတ်သက်နေသူ အနည်းဆုံး ၁၄ ယောက် လောက် ရှိနိုင်တယ်လို့ သိရပါတယ်။
Source:Reuters










