DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားအားလုံးကိုတောင်းပန်သည့်နေ့ သတ်မှတ်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို
DVB
·
August 19, 2021
တိုင်းရင်းသားအားလုံးကိုတောင်းပန်သည့်နေ့ သတ်မှတ်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို
Donate to DVB

ဩဂုတ်လ ၂၅ ရက်နေ့ကို တိုင်းရင်းသားအားလုံးကို တောင်းပန်တဲ့ National Apology Day အဖြစ်သတ်မှတ်ပေးဖို့  လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုစတင်ခဲ့တဲ့ ဩဂုတ် ၂၅ရက်နေ့ကို  ရိုဟင်ဂျာတွေနဲ့အဖိနှိပ်ခံတိုင်းရင်းသားအားလုံးကို တောင်းပန်တဲ့ National Apology Day အဖြစ်သတ်မှတ်ပေးဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတောင်းဆိုလိုက်တာပါ။ 

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအမြောက်အမြားကို စစ်တပ်က သတ်ဖြတ်ခဲ့မှုအပြင် နိုင်ငံတစ်ဝန်း တိုင်းရင်းသားပြည်သူတွေကို စစ်တပ်က အနိုင်ကျင့်ခဲ့တာတွေနဲ့ပတ်သက်ပြီး NUG က အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူချိန်မှာ တရားမျှတမှုအတွက် အကူအညီပေးဖို့လိုတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ပြောပါတယ်။

"နိုင်ငံတကာမှာလည်း အစဉ်အဆက်အစိုးရတွေက ကျူးလွန်ခဲ့တဲ့ အမှားတွေကို နောက်အစိုးရတွေက ပြန်တောင်းပန်ပြင်ဆင်ခဲ့ကြတဲ့ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ အမှားကိုဝန်ခံတာဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်ရှိတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ခုကို စတင်မွေးဖွားတာလည်းဖြစ်ပါတယ်"လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ပြောပါတယ်။

National Apology Day ကျင်းပဖို့ ထောက်ခံသူတွေရဲ့လက်မှတ်တွေကိုလည်း လူ့အခွင့်အရေးသမားတွေက စုဆောင်းနေပြီး ဩဂုတ် ၁၉ရက်နေ့အထိ ပါဝင်လက်မှတ်ထိုးသူ ၁၂၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

National Apology Day  လှုပ်ရှားမှုဟာ ရိုဟင်ဂျာလူမျိုးစုတစ်ခုတည်းအတွက် ဦးတည်တာမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် ရည်ရွယ်တယ်လို့ လူ့အခွင့် အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

  ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအာဏာသိမ်းစစ်ကောင်စီက လက်မခံသလို ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်ကလည်း တရားဝင်သုံးစွဲခြင်းမရှိပါဘူး။ 

အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လ ၅ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုကြောင်းဖော်ပြထားပြီး NUG ရဲ့ရည်ရွယ်ချက်ဟာ ရခိုင်ပြည်နယ်အတွင်းနေထိုင်တဲ့ တခြားသောမျိုးနွယ်စုတွေကို ဖိနှိပ်ဖို့မဟုတ်ဘူးလို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဇွန် ၆ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာနေထိုင်သူအားလုံး တန်းတူညီမျှခွင့်ကို ခံစားခွင့်ရဖို့ NUG ကမူဝါဒထုတ်ပြန်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို NUG က ပြင်ဆင်ရေးဆွဲနေပြီး လုပ်ငန်းစဉ်ပြီးတာနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိုပြင်ဆင်သွားမယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ မူဝါဒတွေကို NUG က ဒီအချိန်မှာ ချမှတ်ထုတ်ပြန်တာဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးစုရေးရာပြဿနာတွေကို မူဝါဒချပြီးကိုင်တွယ်ဖို့ လိုအပ်တယ်လို့ယူဆတာကြောင့်ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းကပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး က ဇွန်လ ၂၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

ICC ကိုအမှုသက်သေတွေတင်သွင်းတဲ့အခါ အာဏာသိမ်းပြီး စစ်ကောင်စီကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုသာမက အရင်တုန်းက စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ နိုင်ငံတကာတရားရုံးကို ပူးတွဲတင်ပြနိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးသိန်းဦးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013