
မဟာဝိဇယဘုရားမှာ စိုက်ထားတဲ့ ညောင်ပင်က ရွက်ဟောင်းကြွေပြီး ရွက်သစ်လဲဖို့အတွက် အရွက်ဝါတာကို ဂေါပကအဖွဲ့က ရွှေရောင်အဖြစ် ပြောင်းသွားတယ်ဆိုပြီး စစ်အာဏာရှင်ဆီ စာတင်ခဲ့လို့ ဌာနဆိုင်ရာဝန်ထမ်းတွေ သွားရောက်ဖူးမြော်နေရတယ်လို့ အုပ်ချုပ်ရေး အသိုက်အဝန်းက သိရပါတယ်။
မေ ၆ ရက်က မဟာဝိဇယဘုရားမှာ စိုက်ထားတဲ့ ညောင်ပင်က ညောင်ရွက်တွေဟာ အစိမ်းရောင်ကနေ ရွှေရောင်ပြောင်းလဲသွားတယ်ဆိုပြီး ဂေါပကအဖွဲ့က တိုင်းသာသနာရေးဦးစီးဌာနကို တင်ပြခဲ့ပြီး တိုင်းသာသနာရေးကတဆင့် စစ်အာဏာရှင်တွေဆီ တင်ပြခဲ့လို့ ဝန်ထမ်းတွေ သွားရောက်ဖူးမြော်ရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“သာမန်ဖြစ်စဥ်ကို ဂေါပကအဖွဲ့က ပုံကြီးချဲ့တာ၊ အစိမ်းရောင်ကနေ ရွှေရောင်အဖြစ်ပြောင်းတာ မဟုတ်ဘူး၊ အဲ့သစ်ပင်က ပိုးကျနေတာ၊ အောက်မှာကျနေတဲ့ အရွက်တွေမှာ တခြမ်းက ညိုရင့်ပြီး တခြားက ဝါနေတာ၊ ဒါကို သဲဖြူခင်း ရာဇမတ်ကာပြီး ဖူးခိုင်းတာ။ ဒီနေ့ သစ်တောက ဝန်ထမ်းတွေရော သာသနာရေးဝန်ထမ်းတွေရော စည်ပင်ဝန်ထမ်းတွေရော လာဖူးကြတယ်။ ဒီနေ့ဆို အဲ့သစ်ပင်မှာ ညောင်ရွက်တွေမရှိတော့ဘူး၊ ကြွေကျလို့ ကုန်သလောက်ဖြစ်နေပြီ။”
မဟာဝိဇယဘုရား ဂေါပကအဖွဲ့က စစ်အာဏာရှင်သမ္မတ လက်ထက်မှာ နိုင်ငံအေးချမ်းသာယာပြီ ဆိုတဲ့ အတိတ်နိမိတ်ကြောင့် ညောင်ရွက်တွေ ရွှေရောင်အဖြစ် ပြောင်းသွားကြောင်း ပုံဖော်တာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ညောင်ရွက်တွေ ဝါခြင်းမှာ ဇီဝကမ္မဖြစ်စဥ်တခုဖြစ်ပြီး သစ်ပင်တိုင်း နွေရာသီမှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်လဲဖို့ အရွက်တွေ ဝါလာတာလို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်သူတယောက်က DVB ကို ပြောပါတယ်။
“ညောင်ပင်ဆိုတာ အမြဲစိမ်းတာ မှန်တယ်။ ဒါပေမဲ့ သက်တမ်းကုန်လို့ ရွက်ဟောင်းကြွေခါနီးရင် အရွက်တွေက အစိမ်းရောင်ကနေ အဝါရောင်ဘက်ကို သန်းသွားတယ်။ ပြီးရင် ဝါရိပြီး ကြွေသွားရော။ နောက်တခုက ရေဓာတ်အပြည့်အဝ မရရင်လည်း အရွက်တွေဝါတယ်။ ဘက်တီးရီးယားပိုးကြောင့် အရွက်တွေဝါပြီး တွန့်လိမ်ကုန်တယ်။ အသိဉာဏ်အားနည်းတဲ့ သူတွေအတွက်တော့ ထူးခြားနေမှာပေါ့။ စိုက်ပျိုးရေးလုပ်နေတဲ့သူတွေအတွက် ဒါက ထူးခြားမှုမဟုတ်ဘူး။ ဇီဝကမ္မဖြစ်စဥ်တခုပဲဖြစ်တယ်။”
အဆိုပါ ညောင်ပင်မှာ ၁၉၈၄ ခုနှစ် မေ ၁၄ ရက်က သီရိလင်္ကာနိုင်ငံမှ ယူဆောင်လာပြီး မဟာဝိဇယဘုရားမှာ စိုက်ထားရာ သက်တမ်းမှာ ၄၂ နှစ် ကြာပြီဖြစ်ကြောင်း ဂေါပကအဖွဲ့က သာသနာရေးဦးစီးဌာနကို ပေးပို့တဲ့မှတ်တမ်းမှာ တွေ့ရပါတယ်။










