ဟန်ဂေရီနိုင်ငံအရှေ့ပိုင်း တိဆိုအူဗာရို့ရှ်မြို့မှာ ဟန်ဂေရီ ရေနံနဲ့ သဘာဝဓာတ်ငွေ့အုပ်စု MOL ရဲ့ ရေနံဓာတုစက်ရုံမှာ မေ ၂၂ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးကာ အများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကုမ္ပဏီက မေ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ် ပီတာမာဂျာဟာ စက်ရုံကနေ မီးခိုးနက်ကြီးတွေ အလိပ်လိုက် ထွက်နေတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီး သူ့ရဲ့ စီးပွားရေးဝန်ကြီး အစ်ထ်ဗန် ကာပီတာနီနဲ့ MOL ဥက္ကဋ္ဌ ဇို့လ်ထ် ဟာနေဒီ တို့ဟာ စက်ရုံကို သွားနေကြတယ်လို့ ဆိုပါတယ်။
MOL ကုမ္ပဏီကတော့ Olefin 1 စက်ရုံကို ပြန်လည်ပတ်ဖို့ လုပ်ဆောင်နေတုန်း တိဆိုအူဗာရို့ရှ်မှာ ရှိတဲ့ MOL ရေနံဓာတုစက်ရုံဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
မီးသတ်သမားတွေက မီးကို အပိုင်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ငြှိမ်းသတ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်လို့ ပြောပါတယ်။
ဒါ့အပြင် “မတော်တဆမှုဖြစ်ရတဲ့ အခြေအနေတွေကို ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးနေပါတယ်” လို့လည်း ဖြည့်စွက်ပြောဆိုခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို ထပ်မပေးထားပါဘူး။
စီးပွားရေးဝန်ကြီး ကာပီတာနီက လက်ရှိသတင်းအချက်အလက်များအရ Olefin 1 စက်ရုံကို ပြန်လည်ပတ်ဖို့ လုပ်ဆောင်နေတုန်းမှာ ကွန်ပရက်ဆာတခု ပေါက်ကွဲခဲ့ပြီး မီးကို ငြှိမ်းသတ်နေဆဲ ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် ပို့စ်တခုမှာ ပြောပါတယ်။ မီးသတ်သမားတွေက မီးကို ထိန်းချုပ်ထားနိုင်ပြီလို့လည်း သိရပါတယ်။
Source: Reuters










