DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မန္တလေး PDF တပ်ဖွဲ့ဝင် ကိုမုန်တိုင်း အသက်ဘေးကင်းကြောင်း သက်သေပြပေးရန် မိသားစုတောင်းဆို 
မြတ်သဇင်
·
May 18, 2026
စစ်ဆင်ရေးစုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်း။ (Photo : MDY-PDF)
စစ်ဆင်ရေးစုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်း။ (Photo : MDY-PDF)
Donate to DVB

မန္တလေး PDF ဗဟိုကော်မတီက ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးစုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  ၆ လကြာတဲ့အထိ အဆက်အသွယ် မရတဲ့အတွက် မိသားစုဝင်တွေဟာ အသက်အန္တရာယ် စိုးရိမ်နေကြပြီး မိသားစုနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့၊ သားဖြစ်သူ ကျန်းမာရေး ကောင်းမွန်ပြီး အသက်ဘေးကင်းရှင်းကြောင်း သက်သေပြပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် ကိုနိုင်ကြီး တို့ကို တပ်ဖွဲ့ပိုင်ပစ္စည်းတွေ အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ မန္တလေး PDF ဗဟိုဦးဆောင်ကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ ၂ ယောက်ကို ၂၀၂၅ နိုဝင်ဘာ ၁၅ ရက်က NUG စစ်ရုံးချုပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အခု ၆ လ ကြာမြင့်လာတဲ့အထိ သတင်းအစအန မရတဲ့အပြင် မိသားစုဝင်တွေကလည်း အဆက်အသွယ်မရ ဖြစ်နေတာပါ။

အခုလို ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး NUG နိုင်ငံတော်ယာယီသမ္မတရုံး၊ CRPH အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တရားမျှတမှုနဲ့ ဆက်သွယ်ခွင့်ရရှိရေးအတွက် မိသားစုဝင်တွေက စာပေးပို့ အကြောင်းကြားခဲ့ပေမဲ့ လျစ်လျူရှုခံခဲ့ရတယ်လို့ ကိုမုန်တိုင်းရဲ့ မိဘတွေကိုယ်စား ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

“ကျနော်တို့ မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီးတော့ပေါ့နော် တိုင်ကြားစာ ၁၇ စောင်တိတိကို သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးဌာန၊ ပါတီ၊ လွှတ်တော်တွေကို ကျနော်တို့ ပေးပို့ခဲ့ပါတယ်။ အဲဒီ ၁၇ စောင်ထဲမှာ ၇ ကြိမ်၊ ၇ ဌာနကနေပြီးတော့ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိဘဲနဲ့ လျစ်လျူရှုတာကို ခံခဲ့ရတယ်။ ကျနော်တို့ အဲဒီ စာအကြောင်းမပြန်တဲ့ ဌာနတွေကတော့ ကျနော်ယာယီသမ္မတရုံးက ၃ ကြိမ်၊ CRPH နဲ့ ပြည်ထောင်စုလွှတ်တော်က ၃ ကြိမ်၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၁ ကြိမ် ကျနော်တို့ တင်ပြခဲ့ပေမဲ့ ဒီနေ့အချိန်ထိ တလုံးတပါဒမှ အကြောင်းပြန်ကြားခြင်း၊ စာလက်ခံရရှိကြောင်းတောင် အကြောင်းပြန်ကြားခြင်း မရှိပါဘူး။”

ကိုမုန်တိုင်းတို့ကို ဖမ်းဆီးထားပြီး အခုထိ အဆက်အသွယ်မရသေးသလို စုံခုံဖွဲ့ စစ်ဆေးနေဆဲ ဖြစ်တာကြောင့် တရားစွဲဆိုနိုင်ခြင်း မရှိသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားချက်တွေအပေါ် NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) တခုတည်းကပဲ အကြောင်းပြန်ခဲ့ပြီး အဲဒီလို ပြန်ကြားရာမှာလည်း "မိသားစုနဲ့ ဆက်သွယ်ခွင့် ပေးထားပါတယ်" ဆိုတဲ့ MOD ရဲ့ ပြောကြားချက်ကိုပဲ ကိုးကားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အပေါ် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က “ဒါဟာ မြေပြင်နဲ့ ကျနော်တို့ တကယ် ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ လုံးဝ တခြားစီပါ။ မိသားစုက ဖုန်းပြောခွင့်လည်း မရှိပါဘူး။ ပေးတွေ့နေပါတယ်ဆိုတဲ့ သတင်းအမှားကို ဝန်ကြီးဌာနအချင်းချင်း လှည့်စားပြီး ပြန်ကြားတာ ကျနော်တို့ မိသားစုဝင်တွေကို စော်ကားသလိုမျိုးပဲလို့ ကျနော် မြင်မိပါတယ်” လို့ ပြောပါတယ်။

ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို ဖမ်းဆီးစဉ်က တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင် ထုတ်ယူမှုကြောင့် လက်နက်ဖြုတ်သိမ်းပြီး ထိန်းသိမ်းထားတာလို့ ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ တပ်တွင်းရဲဘော်အချို့ကတော့ မန္တလေး PDF အတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြတာကြောင့်လို့ ဆိုကြပါတယ်။

မန္တလေး PDF စစ်ထောက်ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်ကွပ်ကဲရေးမှူးဟောင်း ရဲဘော် Alpha ကလည်း NUG-MOD ရဲ့ အလုံးစုံကွပ်ကဲမှုအောက် ဝင်ရောက်ရေး၊ မဝင်ရောက်ရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့တာ အမှန်ပဲလို့ အခုလို အတည်ပြုပါတယ်။

ရဲဘော် Alphaက “MDY PDF က ဒီ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ အောင်မြင်မှုတွေ ရလာပြီးတဲ့နောက်မှာ NUG MOD ရဲ့ အလုံးစုံ ကွပ်ကဲမှုအောက် ဝင်ရေး မဝင်ရေးနဲ့ ပတ်သက်ပြီးတော့ ကိုမုန်တိုင်းနဲ့ တဖက်၊ ကျနော်တို့ ကိုစိုးသူရဇော်တို့ ကိုတေဇာဆန်းတို့က တဖက်၊ ဒီသဘောထားကွဲလွဲမှုတွေ ဖြစ်လာတယ်လို့လည်း ကျနော်တို့ သိရှိရတယ်ဗျ။ ပြီးတော့ ကိုမုန်တိုင်း အနေနဲ့ ဒါကို ဖြေရှင်းမယ်ဆိုရင်လည်း ဒီရွှေ ၁၆ ပိဿာကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းမယ် ဆိုရင်လည်း လက်ရှိမှာ သူ့ကို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက် သူတို့အနေနဲ့ ဒီဟာတွေကို စာရင်းရှင်းဖို့ဆိုတာ နည်းနည်း ခက်ခဲနေတယ်ဗျ။ ဒီ ရွှေ ၁၆ ပိဿာကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့က ဒါကို ခေါင်းစဉ်တခုအနေနဲ့ သတ်မှတ်ပြီးတော့ လုပ်နေတာလား။ ဒါမှမဟုတ် စစ်ရေး သဘောထားကွဲလွဲမှုကြောင့် ကိုမုန်တိုင်းကို ဖယ်ရှားလိုက်တယ်လို့ရော ကျနော်မြင်တယ်ဗျ” လို့ ပြောပါတယ်။

တဖက်မှာလည်း ကိုမုန်တိုင်းရဲ့ မိဘတွေကတော့ သားဖြစ်သူမှာ အပြစ်မရှိတဲ့အတွက် အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ကိုမုန်တိုင်းရဲ့ ဖခင်ဖြစ်သူက “ဒီအာဏာရှင်မကြိုက်လို့ PDF တွေက တော်လှန်နေကြတာ။ အခုဟာက အာဏာရှင်ဆန်နေတယ်ဟေ့။ အပြစ်မရှိဘဲနဲ့ အပြစ်ရှာပြီး လုပ်ကြံပြီး ဖမ်းဆီးထားတဲ့အတွက် ကျနော်တို့သားကို အမြန်ဆုံး ပြန်လွှတ်စေချင်တာပဲ”လို့ ပြောပါတယ်။

ကိုမုန်တိုင်းရဲ့ မိခင်ဖြစ်သူက “သားလေးကိုတော့ မိဘတယောက်အနေနဲ့ သတိရနေတာပါ။ သားလေးကို အမြန်ဆုံး ပြန်လွှတ်စေချင်တာပါပဲ။ သားလေးကို မတရားဖမ်းဆီးချုပ်နှောင်ပြီး လုပ်ထားတာဆိုတော့ မိခင်တယောက် အနေနဲ့ ကျမကတော့ ဘယ်လိုမှ မခံစားနိုင်ပါဘူးရှင်။ ကျမသားလေးကို မိသားစုဝင်တယောက်အနေနဲ့ ကိုယ်ချင်းစာပြီး ကျမသားလေး အပြစ်မရှိဘဲ ဖမ်းထားတာကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်ရှင်။ ကျမ မိခင်တယောက်အနေနဲ့ တောင်းဆိုပါတယ်ရှင်။ သားသမီးချင်း ကိုယ်ချင်းစာကြပါလို့ ကျမ ပြောချင်ပါတယ်ရှင်” လို့ ပြောပါတယ်။

သားဖြစ်သူဟာ တော်လှန်ရေးအတွက် အသက်စွန့် ပေးဆပ်နေသူဖြစ်လို့ ရန်သူလိုမျိုး မဆက်ဆံဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013