
အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အနှံ့ စက်သုံးဆီ အခက်အခဲဟာ မြန်မာနိုင်ငံက ကဏ္ဍပေါင်းစုံကို ရိုက်ခတ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းမှာတော့ စက်သုံးဆီ အခက်အခဲကြောင့် နွေစပါးရိတ်သိမ်းဆဲလုပ်ငန်းတွေ ရပ်ထားရပြီး ဆက်လက်ရိတ်သိမ်းဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
မတ်လ ပထမအပတ်ကစပြီး ဧရာဝတီတိုင်းထဲမှာ နွေစပါးတွေ စတင်ရိတ်သိမ်းနေတာဖြစ်ပြီး စက်သုံးဆီ လိုသလောက် ဝယ်ယူမရတဲ့အတွက် နွေစပါးရိတ်လက်စ စပါးခင်းတွေပါ ရပ်ထားရတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မတ် ၂၆ ရက် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စက်သုံးဆီရည်ညွှန်းဈေးကတော့ ဒီဇယ် တလီတာကို ငွေကျပ် ၄,၃၉၀ ဝန်းကျင်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ငွေကျပ် ၄,၈၂၀ ဈေး သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာတော့ စက်သုံးဒီဇယ် တလီတာကို ငွေကျပ် ၁၁,၅၀၀ ဝန်းကျင် ပေးဝယ်နေရပြီး အကန့်အသတ်နဲ့သာ ဝယ်ယူနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်သုံးဆီရရှိဖို့ကိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာကို ဆီဆိုင်မှာပြပြီး ဆီဆိုင်က လူတယောက်စီကို ရောင်းချပေးဖို့ သတ်မှတ်ထားတဲ့ ဂါလံအတိုင်းသာ ပေးတဲ့အတွက် လယ်ဧကများတဲ့သူတွေအတွက် ပိုပြီး အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။
ဒေးဒရဲဒေသခံတယောက်က “ဒီဘက်မှာ ရိတ်ဖို့အတွက်ကို သွားဝယ်မယ်ဆိုရင် ဥက္ကဋ္ဌလက်မှတ်ပါမှ ဝယ်လို့ရတာတွေ ရှိတယ်။ တချို့နေရာတွေကျတော့လည်း ပါပြီးမှ မပေးတဲ့နေရာတွေလည်း ရှိတယ်၊ တဆင့်ဆင့်ပေါ့။ လယ်သမားတွေက လောလောဆယ် စိုက်ဖို့ကို ခေါင်းထဲမထည့်ဘူး၊ စိုက်ပြီးသားကို ရိတ်ဖို့ပဲ အဆင်ပြေအောင် လိုက်ဝယ်နေရတာ။ ဆီသာ ဒီလို ဝယ်ရမလွယ်ဘူး ဆိုရင်တော့ မိုးစပါးစိုက်တဲ့သူပါ နည်းသွားမယ်။ သွားဝယ်လို့တော့ ရတယ်။ ကျနော့်မှာ ပိုင်ဆိုင်မှုက ဧက ၄၀ ရှိတယ်။ ၁၀ ဧကသမားလည်း သူက ၁၀ ဂါလံလောက်ပေးရင် ဧက ၂၀ သမားလည်း ၁၀ ဂါလံ၊ ဧက ၄၀ သမားလည်း ၁၀ ဂါလံ၊ အဲလို တသမတ်တည်း သွားတာ”လို့ ပြောပါတယ်။
စက်သုံးဆီကို ဆီဆိုင်မှာ ဝယ်ရဖို့ အခက်အခဲကြုံနေသလို မှောင်ခိုဈေးကွက်မှာတော့ ဈေးကြီးပေးပြီး ရောင်းချနေသူတွေ ရှိပါတယ်။
တောင်သူတွေကတော့ ရိတ်ခါနီးစပါးတွေ ပျက်စီးမှာစိုးတဲ့အတွက် ဆီဈေးကြီးပေးဝယ်ပြီး ရိတ်နေသူတွေရှိပြီး သူတို့အတွက် ဒီနှစ် အမြတ်မကျန်သလို တချို့ကတော့ အရှုံးပေါ်ကြသူတွေ ရှိတယ်လို့ ဆိုပါတယ်။
မတ်လ ပထမအပတ်မှာ ဧရာဝတီတိုင်းထဲက ရေကြည်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ပုသိမ်နဲ့ မတ်လ ဒုတိယအပတ်လောက်မှာ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်ကျွန်း၊ လပွတ္တာနဲ့ မတ်လ တတိယအပတ်ထဲမှာ အိမ်မဲ၊ ဟင်္သာတ၊ ကျောင်းကုန်း၊ ဇလွန်၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျုံပျော်၊ မြန်အောင် စတဲ့မြို့နယ်တွေမှာ နွေစပါးတွေ ရိတ်သိမ်းနေတယ်လို့ သိရပါတယ်။
နွေစပါးရိတ်ချိန်မှာ စက်သုံးဆီမရတဲ့အတွက် စပါးရိတ်တာ ရပ်နားထားတဲ့အကြောင်းကို ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က တောင်သူတယောက်က ပြောပြပါတယ်။
“စက်သုံးဆီမရလို့ စပါးတွေ ဆက်မရိတ်ရတော့ဘူး။ ၆ ဧက ရိတ်ထားပြီး ရပ်နေရတယ်။ ၈ ဧကလောက် ထပ်ရိတ်ရဖို့ ရှိသေးတယ်။ ဆီက ကိုယ်လိုသလောက် ဝယ်လို့မရဘူး၊ အဲဒါကြောင့် ရပ်ထားရတာပေါ့။ ပုလင်းလေးတွေနဲ့ပဲ ရောင်းပေးတယ်။ တခါမှ ဒါမျိုး မဖြစ်ဖူးဘူး။ ဈေးတက်ပေမဲ့ ဝယ်သုံးရတာပဲ။ အခုက စက်သုံးဆီ ဝယ်ပါမရတော့ ဒုက္ခပတ်နေတာ။”
ဧရာဝတီတိုင်းမှာ ရိတ်သိမ်းဖို့ အချိန်တန်နေတဲ့ စပါးတွေ စက်သုံးဆီဝယ်မရတဲ့ အခက်အခဲကြောင့် ဆက်ပြီး မရိတ်သိမ်းနိုင်ရင် စပါးအပင်ကျွမ်းကာ အလေအလွင့်ဖြစ် ပျက်စီးဆုံးရှုံးမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
လယ်ဧကနည်း တောင်သူတချို့က စပါးတွေ အဆုံးအရှုံးမခံနိုင်တာကြောင့် လယ်ယာလုပ်သား ငှားရမ်းပြီး လက်နဲ့ရိတ်သိမ်းဖို့ ပြင်ဆင်နေပေမဲ့ လုပ်သားအဆက်ပြတ်ကာ ငှားမရဘဲ လုပ်သားရှားပါးမှုနဲ့ပါ ကြုံနေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကတော့ စပါးရိတ်သိမ်းချိန် ရိတ်ချွေစက်တွေ အတွက် လိုအပ်တဲ့ စက်သုံးဆီရရှိဖို့အတွက် မိမိတို့ဒေသက ဆန်စက်စာရင်းနဲ့ နွေစပါးစိုက် တောင်သူတွေရဲ့ စပါးစိုက်ဧကကို စာရင်းပြုစုပြီး ပေးပို့ဖို့ မတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။








