
အီရန်စစ်ပွဲကြောင့် လျှပ်စစ်ဓာတ်အားခတွေ မြင့်တက်ခဲ့အပြီးမှာ ဖိလစ်ပိုင်နိုင်ငံဟာ ဆိုလာပြား တပ်ဆင်မှုမှာ ကမ္ဘာ့နံပါတ်တစ် သုံးစွဲမှုအများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ ဖိလစ်ပိုင်ရဲ့ အဓိကလျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီ (Meralco) ဟာ ဓာတ်အားခ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ပါတယ်။
ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ လျှပ်စစ်မီတာခ အများဆုံးပေးရတဲ့နိုင်ငံဖြစ်လို့ ပြည်သူတွေဟာ အိမ်ခေါင်မိုးတွေမှာ ဆိုလာစနစ်ကို ပိုတပ်ဆင်လာကြပါတယ်။
မေလအထိ သုံးလတာကာလမှာ တရုတ်နိုင်ငံကနေ ဒေါ်လာ ၄၀၇ သန်းဖိုးအထိ ဆိုလာပြားတွေ တင်သွင်းခဲ့ရပါတယ်။
စာရင်းဇယားတွေအရ နယ်သာလန်နိုင်ငံဟာ ဆိုလာပြား အများဆုံးတင်သွင်းတဲ့ ဈေးကွက်အဖြစ် ရှိနေဆဲဆိုပေမဲ့ ဒါဟာ တဆင့်ခံ ကုန်သွယ်မှုဗဟိုချက် ဖြစ်နေလို့သာ ဖိလစ်ပိုင်ထက် ပိုများနေတာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ ဆိုလာတပ်ဆင်ခဲ့တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာ အေဒရီယန် ဆာဘာတီရာက “လူလတ်တန်းစား သုံးပုံတပုံလောက်က ဒီ ဆိုလာတပ်ဆင်တဲ့ဘက်ကို ကူးပြောင်းသွားမယ် ဆိုရင်တောင် အံ့သြစရာမရှိပါဘူး” လို့ ပြောပါတယ်။
အစိုးရစာရင်းတွေအရ လက်ရှိမှာ ဆိုလာစွမ်းအင်က နိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှု ၄ ရာခိုင်နှုန်းတောင် မပြည့်သေးပါဘူး။
ဒါပေမဲ့ လာမဲ့ ၂ နှစ်အတွင်းမှာ ထုတ်လုပ်နိုင်စွမ်း ၃၅၀၀ မဂ္ဂါဝပ်အထိ ၃ ဆနီးပါး မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာ အစိုးရက ဆိုလာတပ်ဆင်ဖို့ ဈေးကွက်ပေါက်ဈေးထက် သက်သာတဲ့ အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ပီဆိုငွေ ၅ သိန်းအထိ ချေးငွေတွေ ထုတ်ပေးနေပေမဲ့ ပုဂ္ဂလိကဝန်ထမ်းတွေတော့ ဒီအခွင့်အရေး မရရှိပါဘူး။
ဒါ့အပြင် တပ်ဆင်ခ ကုန်ကျစရိတ်ဟာ ပျမ်းမျှ အိမ်ထောင်စု တနှစ်စာဝင်ငွေဖြစ်တဲ့ ပီဆို ၃၅၃,၂၀၀ ထက် များနေတာကလည်း နောက်ထပ် အဟန့်အတားတခု ဖြစ်နေပါတယ်။











