DVB Logo
Home
မြန်မာသတင်း
ထိုးစစ်ရပ်ရန် တိုင်းရင်းသားမဟာမိတ်အဖွဲ့ခေါင်းဆောင် တိုက်တွန်း
DVB
·
April 14, 2015
ထိုးစစ်ရပ်ရန် တိုင်းရင်းသားမဟာမိတ်အဖွဲ့ခေါင်းဆောင် တိုက်တွန်း
Donate to DVB

မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြွင်းချက်မရှိ အမြန်ဆုံးရပ်တန့်ပြီး စေ့စပ်ညှိနှိုင်းအဖြေရှာကြဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သမ္မတဦးသိန်းစိန်ကို တိုက်တွန်းပါတယ်။

အထူးသဖြင့် ကိုးကန့်ဒေသက လက်နက်ကိုင်ပဋိပက္ခဟာ တိုင်းပြည်အတွက် အလွန်စိုးရိမ်ဖွယ် အနိဋ္ဌာရုံတွေဖြစ်ကြောင်းနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ အနှောင့်အယှက်အဟန့်အတား သဖွယ်ဖြစ်လာနေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ဧပြီ ၁၃ နေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။

မကြာသေးခင်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) တို့အကြား တပြည်လုံး အပစ်ရပ်စာချုပ် အတည်ပြုမူကြမ်းရခဲ့တာဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရလဒ်ကောင်းဖြစ်တယ်လို့ ညွှန်းဆိုပြီး ဒီရလဒ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ တပ်မတော် ထိုးစစ်တွေရပ်ဖို့လိုတယ်လို့ အကြံပြုထားပါတယ်။

ကိုးကန့်ဒေသမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေတဲ့ ကိုးကန့်အဖွဲ့ (MNDAA) ဟာ အန်စီစီတီ အဖွဲ့ဝင်လည်းဖြစ်၊ UNFC တပ်ပေါင်းစုဝင်လည်းဖြစ်ကြောင်းရေးသားထားသလို ကိုးကန့် လူမျိုးဟာ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတစုဖြစ်ပြီး အရင်အစိုးရအဆက်ဆက်နဲ့ ငြိမ်းချမ်းရေး ယူပြီး လက်တွဲဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှာ အားလုံးပါဝင်မှုရှိမှ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ တက်လှမ်းနိုင်ဖို့အတွက် လက်ရှိ ထိုးစစ်ဆင်မှု အားလုံးကို အမြန်ဆုံးရပ်တန့်ပေးပါလို့ တိုက်တွန်းထားပါတယ်။

အိပ်ဖွင့်ပေးစာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ UPWC အဖွဲ့နဲ့ UNFC အဖွဲ့ဝင်တွေထံ မိတ္တူပို့ထားပါတယ်။

သမတဦးသိန်းစိန်အစိုးရအဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တလျောက်မှာ ယူအန်အက်ဖ်စီဘက်က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုတွေကို လက်ခံလေ့မရှိဘဲ အန်စီစီတီအဖွဲ့ကိုသာ လက်ခံဆွေးနွေးလေ့ရှိပါတယ်။

UNFC တပ်ပေါင်းစုမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့နဲ့ စုဖွဲ့ထားပြီး ကရင်အမျိုးသားအစည်းအရုံးက အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်နားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013