
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထွန်းပူးရီးနယ်မြေထဲမှာ နိုင်ငံမဲ့သူတွေကို ထိုင်းမှာမွေးဖွားကြောင်း မွေးစာရင်းအတု လုပ်ပေးတဲ့ မှတ်ပုံတင်အရာရှိနဲ့ အလိုတူအလိုပါ စုစုပေါင်း ၆ ယောက်ကို ဖမ်းဆီး လိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ မွေးစာရင်းစာရွက်အတုတွေ ထွက်ပေါ်နေကြောင်း အုပ်ချုပ်ရေးရုံးက တိုင်ကြားချက်ရ တာကြောင့် လိုအပ်တဲ့ စုံစမ်းထောက်လှမ်းမှုတွေလုပ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အကျင့်ပျက် ဝန်ထမ်းများနှိမ်နင်းရေး၊ DSI အထူးမှုခင်းစုံစမ်းထောက်လှမ်းရေး စတဲ့ အဖွဲ့ ၄ ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သက်ဆိုင်ရာ တရားရုံးရဲ့ ဖမ်းဝရမ်းစာနဲ့အတူ ဧပြီ ၂၉ ရက် မနက်က ဘန်ကောက် ထွန်းပူးရီးနယ်မြေရှိ နေရာပေါင်း ၄ ခုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဆိုပါနေရာတွေကနေ မှတ်ပုံတင်ရုံးက အလုပ်စားပွဲမှာ ထိုင်နေတဲ့ မှတ်ပုံတင်အရာရှိ၊ သူ့ရဲ့နေအိမ်က သက်သေခံစာရွက်စာတမ်းတွေနဲ့ ပူးပေါင်းပါဝင်သူ ၅ ယောက် ပေါင်း ၆ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး နိုင်းဖတ်ထနားဖုန်း ကျန်ဖေ့ချ်ဖွန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါမွေးစာရင်းတွေဟာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားပြောင်းလဲခွင့်ရှိပြီး ထိုင်းနိုင်ငံသားကတ်ရရှိက နိုင်ငံသားများအခွင့်အရေးအားလုံးရရှိမှာ ဖြစ်တယ်၊ မမှန်ကန်သောနည်းနဲ့ မှတ်ပုံတင်ရလာသူတွေဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးစေတယ်တယ်လို့ ဆိုပါတယ်။
မသမာတဲ့နည်းနဲ့ မွေးစာရင်းတုထုတ်ပေးတဲ့ အဆိုပါ မှတ်ပုံတင်အရာရှိကို တာဝန်အလွဲသုံးစားမှု၊ တာဝန်ဝတ္တရားလစ်ဟင်းမှု၊ နိုင်ငံတော်ပိုင်ပစ္စည်းနစ်နာဆုံးရှုံးစေမှု၊ စာရွက်စာတမ်းတုပမှု၊ လာဘ်စားမှု စတာတွေနဲ့ အရေးယူသွားမှာဖြစ်တယ်။
ကျန် ၅ ယောက်ကတော့ ဝန်ထမ်းမဟုတ်တဲ့ ပြင်ပလူ (ပွဲစား) တွေဖြစ်ပြီး အလားတူပြစ်မှုအပြင် ပုဒ်မ ၁၅၇ အရ ရာဇဝတ်မှုနဲ့ပါ ထပ်ပြီး တရားစွဲခံရမှာ ဖြစ်တယ်။ ဒီလိုပြစ်မှုမျိုး တခြား မှတ်ပုံတင်ရုံးတွေမှာလည်း ထပ်မံတွေ့ရှိနိုင်ပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်။ ပြည်သူတွေ အနေနဲ့ အခုလို မသမာမှု သံသယရှိရင်အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဌာန အရေးပေါ်ဖုန်း ၁၂၀၅ ကို ဆက်သွယ်သတင်းပေးဖို့လည်း နိုင်းဖတ်ထနားဖုန်းက တိုက်တွန်းပါတယ်။
ဧပြီ ၂၆ ရက်ကလည်း ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင် မှတ်ပုံတင်ရုံးမှာ မွေးစာရင်းအတု ၂၇ စောင်ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဆိုပါ မွေးစာရင်းတုတွေကတော့ ထိုင်းနိုင်ငံသား မိခင် ဒါမှမဟုတ် ဖခင် တဦးဦးရဲ့ နာမည်ထည့်သွင်းပြီး တရုတ်နိုင်ငံသားတွေကို တစောင်လျှင် ဘတ် ၁၀,၀၀၀ မှ ၃၀,၀၀၀ထိ ရောင်းချပေးကြောင်း စုံစမ်းသိရှိရတာကြောင့် မှတ်ပုံတင်ဝန်ထမ်းနဲ့ ပူးပေါင်းပါဝင်သူတွေကို ခေါ်ယူစစ်ဆေးနေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Thairath / Police TV / CH7 HD News










