
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ တရုတ်ကလေးငယ် ၁၆၄ ယောက်ကို ဖခင်အတုနာမည်တွေ သုံးပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့်ရအောင် မွေးစာရင်းအတုတွေ ပြုလုပ်ပေးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆေးရုံနဲ့ မြို့နယ်ရုံးက ဝန်ထမ်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ဖော်ထုတ်လိုက်ပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်မ်ရန် နူရယ်လ်မာ၊ ရဲချုပ်ရုံးက ရဲဗိုလ်ချုပ်ကြီး နိုဖာစင် ဖူးဆာဝပ်နဲ့ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဝိတွန်း ဆီရိနုကုလ်တို့ ဟာ မြို့တော်ရဲတပ်ဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ကြာသပတေးနေ့မှာ စီးနင်းနှိမ်နင်းမှုတွေ လုပ်ဖို့ ပြင်ဆင်ခဲ့ကြတာလို့ Khaosod ထိုင်းသတင်းမှာ ဇူလိုင် ၉ ရက်က ဖော်ပြပါတယ်။
ဒီနှိမ်နင်းမှုဟာ ဘန်ကောက်မြို့ ထွန်ဘူရီဘက်ခြမ်းက ဆေးရုံနဲ့ မြို့နယ်ရုံး ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ပိုက်ဆံယူကာ နိုင်ငံခြားသားကလေးတွေကို မိမိတို့ရဲ့ သားသမီးတွေပါဆိုပြီး ဖခင်အတုအဖြစ် လိုက်လံဝန်ခံပေးနေတဲ့ ထိုင်းအမျိုးသား ဖခင် အတုတွေကို ပစ်မှတ်ထား နှိမ်နင်းတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မြို့တော်ရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူး ရဲမှူးချုပ် ချိုတီဝပ် လူအန်ဝီလိုင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ခရိုင်တွင်း ပုဂ္ဂလိကဆေးရုံတခုရဲ့ ဆေး ဘက်ဆိုင်ရာ မှတ်တမ်းအရာရှိ အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့သလို ရဲတပ်ဖွဲ့က သူ ဟာ တရုတ်ကလေးငယ်စီမံကိန်းအတွက် ပွဲစားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး အဲဒီ ဆေးရုံမှာ လာရောက်မီးဖွားချင်တဲ့ တရုတ်အမျိုးသမီးတွေ ကို ဘတ် ၇၀,၀၀၀ တန် ပက်ကေ့ချ်တွေနဲ့ ရှာဖွေစည်းရုံးပေးခဲ့သူလို့ သတ်မှတ်ထားပါတယ်။
သူဟာ စာရွက်စာတမ်းကိစ္စတွေ လုပ်ဆောင်ပေးပြီး တမှုချင်းစီအတွက် ပွဲစားခ ဘတ် ၂၀,၀၀၀ နီးပါး ရရှိခဲ့သလို ဒီလုပ်ငန်းကို လုပ်ကိုင်လာတာ ၅ နှစ်ကျော်ပြီလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဆေးရုံမှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ထိုင်းအမျိုးသားတွေကို ဖခင် အဖြစ် သုံးပြီး မွေးစာရင်းသွင်းထားတဲ့ တရုတ်ကလေးငယ် ၁၆၄ ယောက်အထိ တွေ့ရှိခဲ့ ရတာပါ။
စုံစမ်းစစ်ဆေးသူတွေကတော့ အဲဒီတရုတ်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် သားဖွားစမ်းသပ်ချက် မှတ်တမ်းတွေမှာ ထိုင်းဖခင်တွေ ပါဝင်ပတ်သက်ခဲ့တဲ့ မှတ်တမ်း လုံးဝမရှိဘဲ ကလေးမွေးပြီးမှသာ ထိုင်းအမျိုးသားတွေက ဖခင်ဖြစ်ကြောင်း လာရောက်ဝန်ခံခဲ့ကြတာမို့ ဆေးရုံဘက်ကလည်း သူတို့ကို ဖခင်အဖြစ် သတ်မှတ်ပြီး မွေးစာရင်း စာရွက်စာတမ်းတွေ ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ရဲမှူးချုပ် ချိုတီဝပ်က သံသယရှိသူ အမျိုးသမီးကို ဖမ်းဝရမ်းဖတ်ပြခဲ့ပြီး ပြည်သူ့ ဝန်ထမ်းတယောက် ဖြစ်ပါရက်နဲ့ မိမိရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေကို မတရားသဖြင့် အသုံး ပြုတာ၊ တာဝန်ပျက်ကွက်တာနဲ့ ရာထူးကို အလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားတာစတဲ့ စွဲချက်တွေကို အသိပေးခဲ့သလို သူ့ရဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေကိုလည်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာပိုင်တွေဟာ ထွန်ဘူရီဒေသက မြို့နယ်ရုံး ဝန်ထမ်းတယောက်ကိုလည်း ဖမ်းဆီးခဲ့ပြီး သူကတော့ အဆိုပါ တရုတ်ကလေးငယ်တွေအတွက် ဖခင်အဖြစ် မှတ်ပုံတင်ပေးတာနဲ့ မွေးစာရင်း ထုတ်ပေးတာတွေကို ကြံရာပါအဖြစ် ကူညီဆောင် ရွက်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သံသယရှိသူ ၂ ယောက်စလုံးကို နောက်ကွယ်က ကွင်းဆက်တွေကို ဆက်လက် ဖော်ထုတ်နိုင်ဖို့အတွက် ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ခွဲ ၈ ဆီ ခေါ် ဆောင်သွားပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေကတော့ ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်ကလေးငယ်တွေရဲ့ မိဘတွေနဲ့ ဆက်နွှယ်နေတဲ့ နေရာတွေကိုပါ ဝင်ရောက်ရှာဖွေနိုင်ဖို့ ရှာဖွေဝရမ်းတွေ ထပ်မံရယူဖို့ ကြိုးပမ်း နေတယ်လို့ ပြောထားပါတယ်။
Source: Khaosod










