
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နားက ကောင်းတပ်ရွာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်လောက်က ပေါင်းကွဲမှုဖြစ်ပွားပြီး ထိခိုက်သေဆုံးသူ ၂၀ နီးပါးရှိကာ ဒဏ်ရာရသူလည်း များပြားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ကောင်းတပ်ရွာထဲမှာရှိတဲ့ ဖောင်ခွဲရေးယမ်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ကွဲတာတော့ ရွှေတို့၊ ကျောက်တို့၊ သတ္တုတို့ တူးတဲ့နေရာမှာ သုံးတဲ့ယမ်းတွေ ထားထားတဲ့နေရာ ပေါက်ကွဲတာပဲ။ အခုဟာကဗျာ တရုတ်တွေက TNLA နယ်မြေမှာ ရွှေတွေ၊ ကျောက်တွေ သတ္တုတွေ လာတူးနေကြတာ။ သေဆုံးတာ ၂၀ လောက် သေတယ်၊ ဒဏ်ရာရတာက ၃၀ ကျော်ရှိမယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအဖွဲ့တွေက ကူညီနေပြီး လူနာတွေအတွက် အရေးပေါ် သွေးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အခုပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်နေပေးမဲ့ သတင်းရေးသားချိန်အထိ အကြောင်းမပြန်သေးပါဘူး။ အခုပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်တာလဲဆိုတာနဲ့ ပက်သက်လို့ DVB အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆပေါက်ကွဲခဲ့တာလို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဒီ ကနေ့ညနေ ထုတ်ပြန်ပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် များစွာ ဝမ်းနည်းပူဆွေးရပါကြောင်းနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ စာနာဝမ်းနည်းတဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို TNLA တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
Photo : ဒေသခံ










