
ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ MV ဟွန်ဒီးယပ်စ် ဇိမ်ခံသင်္ဘောပေါ်က နောက်ဆုံးကျန်နေတဲ့ ခရီးသည် ၆ ယောက်နဲ့ သင်္ဘောသားတချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီးနောက် အဲဒီသင်္ဘော ဟာ မေ ၁၁ ရက်မှာ စပိန်နိုင်ငံ၊ တီနီရိဖ်ကျွန်းကနေ နယ်သာလန်ကို ထွက်ခွာသွားပါတယ်။
“ဒီလုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါပြီ” လို့ စပိန်ကျန်းမာရေးဝန်ကြီး မိုနီကာ ဂါစီယာက ပြောပါတယ်။
ဒီသင်္ဘောဟာ အာဂျင်တီးနားတောင်ပိုင်းကနေ ထွက်ခွာလာတာ ၄၁ ရက် ရှိနေပြီဖြစ်ပြီး ပထမဆုံး ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာ ၉ ရက် ရှိပါပြီ။
အခုချိန်အထိ လူပေါင်း ၉၄ ယောက်ကို သင်္ဘောပေါ်ကနေ ဘေးကင်းအောင် ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး သူတို့နေရပ်အသီးသီးကို ပြန်ပို့ပေးခဲ့ပါတယ်။
ခရီးသည်တွေကို သင်္ဘောပေါ်မှာပဲ သီးသန့် ခွဲထားမဲ့အစား တီနီရိဖ်ကျွန်းရှိ သင်္ဘောကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးလိုက်တာ အာဏာပိုင်တွေက အများပြည်သူဘေးကင်းရေးကို ကာကွယ်ခြင်းနဲ့ ခရီးသည်တွေရဲ့ စိတ်ကျန်းမာရေးကို မျှတအောင် စဥ်းစား ထိန်းသိမ်းပေးခဲ့တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အဒ်ဟာနွမ် ဂယ်ဘရီယေးဆပ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုဆိုရင် အန်ဒီးစ်မျိုးကွဲ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ယောက်ရှိပြီလို့ WHO က အတည်ပြု ထားပါတယ်။
ဒါ့အပြင် သံသယဖြစ်ဖွယ် ၂ ယောက် ရှိနေပြီး တယောက်က စစ်ဆေးမှု မလုပ်နိုင်ခင်မှာဘဲ သေဆုံး သွားခဲ့တာဖြစ်ကာ နောက်တယောက်ကတော့ စစ်ဆေးဖို့ ကိရိယာမရှိတဲ့ တောင်အတ္တလန္တိတ် သမုဒ္ဒရာထဲက ဝေးလံတဲ့ ကျွန်းတကျွန်းမှာ ရှိနေတာ ဖြစ်ပါတယ်။
နယ်သာလန်အခြေစိုက် အိုးရှင်းဝိုက်ဒ် အက်စ်ပဲဒစ်ရှင်းစ် ကုမ္ပဏီပိုင် MV ဟွန်ဒီးယပ်စ် သင်္ဘောဟာ စပိန်မှာ ခရီးသည်တွေ အကုန်ချပေးခဲ့ပြီးနောက်ပိုင်း ကျန်တဲ့ သင်္ဘောသားတွေနဲ့အတူ သူ့ရဲ့ မူရင်းနိုင်ငံဆီကို ပြန်မောင်းသွားတာဖြစ်ပြီး နယ်သာလန်ကို ပြန်ရောက်ရင် သင်္ဘောကို တစီးလုံး ပိုးသတ်သန့်စင်တာတွေ ဆက်လုပ်ဖို့ ရှိပါတယ်။
Source: Reuters










