
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး ပညာသင်ဖို့ ခက်ခဲနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အာရက္ခတပ်တော် (AA) က ပညာသင်စရိတ် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
AA နဲ့ နီးစပ်တဲ့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က “တကယ့် စားစရာမရှိ ဆင်းရဲကျပ်တည်းနေတဲ့ ပညာသင်တဲ့အရွယ် ဘယ်သူ့ကိုမဆို ထောက်ပံ့ပေးမှာပါ။ စစ်ဘေးရှောင်တွေရော ဒေသခံတွေရော အကုန်လုံး အမှန်တကယ် ဆင်းရဲနွမ်းပါးရင် ပညာသင်စရိတ် တောင်းခံလို့ရပါတယ်”လို့ ပြောပါတယ်။
ပညာသင်စရိတ် အမှန်တကယ် အခက်အခဲရှိပါက ရပ်ရွာက သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ၊ ပါတီဝင်တွေကတဆင့် လျှောက်လွှာတွေတင်ပြီး အခမဲ့ပညာသင်ကြားရေးကို လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကိုယ်နေတဲ့နေရာက သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေကို စာတင်ပြီး ပညာသင်စရိတ်ကို လျှောက်လို့ တင်လို့ ရပါတယ်။ အမှန်တကယ် ဆင်းရဲနွမ်းပါးလား ဆိုတာလည်း ပါတီဝင်တွေက စစ်ဆေးပြီးမှ ရွေးချယ်မှာပါ။”
အခုလို အာရက္ခတပ်တော် (AA) က ပညာသင်စရိတ် ထောက်ပံ့မဲ့အပေါ် ဝမ်းသာကြိုဆိုကြောင်းနဲ့ လေကြောင်းအန္တရာယ်ကိုလည်း လုံခြုံစိတ်ချရတဲ့ သတိပေးမှုတွေနဲ့ ပြုလုပ်သင့်တယ်လို့ ကျောက်တော်မှ စစ်ရှောင် ကျောင်းသားမိခင်တယောက်က ပြောပါတယ်။
“စစ်ရှောင်တွေက ပိုဆိုးတာပေါ့။ သားသမီးကို ပညာသင်ဖို့မပြောနဲ့၊ လုပ်စားဖို့ အလုပ်အကိုင်က ရှား။ ဒီလို ထောက်ပံ့မယ်လို့ ကြားရတော့ တကယ်ဝမ်းသာတယ်။ သားသမီးတွေကို အမြင့်ဆုံးရောက်အောင် မထားနိုင်ရင်တောင် အလယ်အလတ်လောက်ရောက်နိုင်အောင် ထားဖို့ မိဘတိုင်းမှာ ဆန္ဒရှိတယ်။ အဓိက ကျောင်းတွေမှာဖြစ်ဖြစ် လေကြောင်းအန္တရာယ်ကို ကြိုတင်သိနိုင်တဲ့ အရာတွေ လုပ်ပေးစေချင်တယ်။”
ရခိုင်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်မပြန်နိုင်သူတွေရှိပြီး စီးပွားရေး အကျပ်အတည်းတွေကြောင့် ကျောင်းနေအရွယ် အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပညာသင်ကြားဖို့ ငွေကြေးခက်ခဲနေတဲ့ KG ကနေ G 12 တန်း ပညာကို တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအထိ ပညာသင်စရိတ် ထောက်ပံ့ကြေး တောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။











