
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် အုံတုံပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
အုံတုံပင်ကို သိပ္ပံလို Litsea chinensis လို့ခေါ်ပြီး အင်္ဂလိပ်လို Indian Laurel tree,soft bollygum, bollygum, brown bollygum, brown Bollywood, bolly beech, Bollywood, brown beech, sycamore,Common tallow laurifolia လို့ ခေါ်ကြပါတယ်။
အုံတုံပင်ရဲ့ ပင်စည်အခေါက်မှာ Laurotetanine၊ actinodaphnine၊ boldine၊ norboldine၊ sebiferine, အရွက်မှာ flavonoid, naringerin, naringin kaempferol, 7-glucoside, quercetin,3-rhamnaside peglaragonidin -3 နဲ့ 5-glucoside cystine, glycine, Gallic Acid,Ellagic Acid,Triterpenoid,Flavonoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အနာကျက်ခြင်း၊ အစာအိမ်နာကို ကုသခြင်း၊ အကိုက်အခဲပျောက်ဆေးအာနိသင်ရှိခြင်း၊ ဘက်တီးရီးယားနဲ့ မှိုအမျိုးမျိုးကို တိုက်ဖျက်ခြင်း၊ ဗိုင်းရပ်စ်ပိုးကိုဆန့်ကျင်ခြင်း၊ အူလမ်းကြောင်းကပ်ပါးပိုးတွေကို တိုက်ဖျက်ခြင်း၊ ဝမ်လျော/ဝမ်းပျက်ကို ဆန့်ကျင်ခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ အုံတုံပင်ရဲ့ အရွက်၊ အခေါက်တို့ကို သုံးစွဲကြပါတယ်။ သန်ကောင်၊ တုတ်ကောင်ရောဂါမှာ အခေါက်ပြုတ်ရည်ကျကျ ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။
အညိုအမဲစွဲခြင်း၊ ညောင်းညာခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ ဂေါက်အဆစ်တွေမှာ အခေါက်ကိုသွေးပြီး လိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာတွေ အတွက် အခေါက်ကိုသွေးရည်ကို ပတ္တီးသန့်သန့်မှာ ဆွတ်ပြီး စည်းထားပေးနိုင်ပါတယ်။
ဝမ်းလျှောခြင်းနဲ့ လိပ်ခေါင်းသွေးယိုခြင်းတွေမှာ အခေါက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အခေါက်ကို ဆီနဲ့ ချက်ပြီး အဆစ်ရောင်ရမ်းခြင်းတွေမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဆီနဲ့ ချက်ထားတဲ့အခေါက်ဆီကို အရေပြားခြောက်သွေ့ခြင်းတွေမှာ လိမ်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် အသားအရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
အရိုးအက်ခြင်းအတွက် အခေါက်ကိုထုထောင်းကာ ကြပ်စည်းပေးပြီး တနေ့ ၂ ကြိမ် လဲလှယ်ပေးပါ။ ချောင်းဆိုးခြင်းအတွက် အရွက်ကို ရေမှာ ၁ ည စိမ်ပြီး ၁ ဖန်ခွက်ကို နံနက် ညိပ်ရာထမှာ သောက်ပေးနိုင်ပါတယ်။
အခေါက်သွေးရည်ကို ထောပတ်နဲ့ရောစပ်ပြီး မွေးကင်းစကလေးတွေ နှင်းခူနဲ့ အနီးလောင်ခြင်း၊ အဖုအပိမ့်ထွက်ခြင်းတွေမှာ လိမ်းပေးနိုင်ပါတယ်။
အစာအိမ်၊ ဝမ်းလျှောခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေး သို့မဟုတ် ပျားရည်ဖြင့်၊ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည် သို့မဟုတ် အခေါက်မှုန့်ကို ရေ သို့မဟုတ် နွားနို့နဲ့ ရောစပ်ကာ ဒဏ်ရာနဲ့ အရေပြား ထိခိုက်ရှနာတွေမှာ တနေ့ ၂-၃ ကြိမ် လိမ်းပေးနိုင်ပါတယ်။
အုံတုံပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုး အလွန်အကျွံစားသုံးခြင်းက tanin ပါဝင်မှု မြင့်မားတာကြောင့် ဝမ်းချုပ်ခြင်းနဲ့ သတ္တုဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သားအိမ်ကျုံ့ခြင်းနဲ့ ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ ရှောင်ကြဥ်ပါ။ အုံတုံပင်နဲ့ ကာတ်မတည့်သူတွေ အုံတုံပင် ထွက်ပစ္စည်းတွေကို ရှောင်ကြဥ်ပါ။
နွေဦးပြည်သူတွေ အုံတုံပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)








