
ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသူ ရွှေ့ပြောင်းအမျိုးသမီးတယောက် အသတ်ခံရပြီး အိမ်သာထဲလှောင်ပိတ်ခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချင်းမိုင်မြို့ ဆန်ဖီဆေ့ရပ်ကွက်ရှိ အငှားအိမ်ခန်း တခုထဲမှာ မေ ၁၈ ရက် ညနေက လူသေဆုံးမှုရှိ ကြောင်း အကြောင်းကြားချက်ရတာကြောင့် မှုခင်းဆရာဝန်နဲ့အတူ သွားရောက်စစ် ဆေးခဲ့တယ်လို့ ချင်းမိုင် မဲ့ပင်းရဲစခန်းတာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
အဆိုပါနေအိမ်ရဲ့ အိမ်သာတံခါးကိုဖျက်ပြီး စစ်ဆေးရာမှာတော့ အသက် ၅၀ ကျော်ရွယ် အမျိုးသမီး တယောက် အိမ်သာခွက်ကို မျက်နှာမှောက်ပြီး ထိုင်လျက်အနေအထားနဲ့ သေဆုံးနေတယ်၊ သူ့ရဲ့ ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ ထုနှက်ခံထားရတဲ့ ဒဏ်ရာရှိသလို လည်ပင်းညှစ်ခံထားရတဲ့ အညိုအမည်း တွေ တွေ့ရှိတယ်။ အိမ်သာခန်းထဲမှာလည်း သွေးစတွေ ပြန့်နေတယ်၊ သေဆုံးတာ အနည်းဆုံး ၂ ရက် လောက်ရှိပြီလို့ မှုခင်းဆရာဝန်က ခန့်မှန်းပါတယ်။
အဆိုပါအိမ်ခန်းရဲ့ ပိုင်ရှင်ကတော့ အသက် ၄၀ ကျော်ရွယ် စိုင်းဆုဆိုသူ မြန်မာနိုင်ငံသား ရှမ်းအလုပ်သမားဖြစ်တယ်၊ အခင်းဖြစ်တဲ့နေရာ သူ့ကို မတွေ့ရဘူး၊ သူပျောက်ဆုံးနေတာ ၂ ရက် ၃ ရက် လောက်ရှိပြီလို့ အိမ်နီးချင်းတွေက ပြောပါတယ်။
စိုင်းဆုဟာ ဆန်ဆိုင်းရပ်ကွက်ရှိ စာသင်ကျောင်း တကျောင်းက ဥယျာဉ်ခြံအလုပ်သမားဖြစ်တယ်။ သူအလုပ်မဆင်းတာ ၂ ရက်လောက်ရှိတာကြောင့် ကျောင်းဆရာက သူ့အိမ်ခန်းမှာ လာကြည့်စဉ် အခန်းရှိ ပစ္စည်းတွေ ဖယိုဖရဲဖြစ်ပြီး အိမ်သာထဲက အပုပ်နံ့ရတာကြောင့် ရဲကိုအကြောင်းကြား လိုက်တာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သေဆုံးသူအလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံကိုယူသွားစဉ် စိုင်းခေးဆိုသူ လူငယ် တယောက် လာရောက်ကြည့်ရှုပြီး အဆိုပါအလောင်းမှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က ပျောက်ဆုံးနေတဲ့ သူ့မိခင် နန်းခမ်းအိမ်ဖြစ်ကြောင်း၊ မိခင်မှာ ၁၆ ရက်ညက သူငယ်ချင်းက ဆိုင်ကယ်နဲ့ လာခေါ်လို့ ခဏလိုက်သွားတယ်လို့ ဖုန်းဆက်တယ်။ အဲဒီနောက်ပိုင်း ဘာအဆက်အသွယ်မှ မရတော့ဘဲ ပျောက်ဆုံးနေတာ၊ အမေကို ဆိုင်ကယ်နဲ့ လာခေါ်သူက အခန်းပိုင်ရှင် စိုင်းဆုဖြစ်တယ်၊ အမေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေသိပြီး ရည်းစားဖြစ်နေတာလို့ ပြောပါတယ်။
ရဲတွေက စီစီကင်မရာပြန်စစ်ရာမှာ ၁၆ ရက် ညနေမှာ စိုင်းဆုက နန်းခမ်းအိမ်ကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားတာတွေ့ရတယ်။ အခန်းထဲမှာ သံသယဖြစ်စရာသက်သေခံပစ္စည်း၊ စီစီကင်မရာ သက်သေနဲ့ အခန်းဖော်တို့ ပြောပြချက်တွေအရ စိုင်းဆုဟာ လူသတ်မှုမှာ အဓိကတရားခံဖြစ်နိုင်လို့ မေ ၁၉ ရက်က တရားရုံးခွင့်ပြုချက်နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းမိုင် နာရေးကူညီမှုအဖွဲ့မှ စိုင်းတိုင်းထိန်က သေဆုံးသူ နန်းခမ်းအိမ်မှာ ရှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ကျေးရွာကဖြစ်ပြီး ပျောက်ဆုံးနေတဲ့ စိုင်းဆုကတော့ မိုင်းကိုင်မြို့နယ် ဝမ်ဟေဆိုတဲ့ ရွာဇာတိဖြစ်တယ်။ သူဟာ လူသတ်မှုကျူးလွန်ပြီး ရှမ်းပြည်ပြန်သွားပြီလို့ ထင်ကြေး ပေးနေကြတယ်လို့ ဆိုပါတယ်။
နန်းခမ်းအိမ်ရဲ့ အသုဘကိုတော့ ဆန်ဆိုင်းမြို့ နောင်ဦးဘိုးဆွတ်ကျောင်းတိုက်မှာ ထားရှိပြီး သင်္ဂြိုဟ်မဲ့နေ့ အတိအကျမသိရသေးဘူးလို့ စိုင်းတိုင်းထိန်က DVB ကို ပြောပါတယ်။
Source: Amarin TV / Workpoint News










