
ရခိုင်ပြည်နယ် သံတွဲမြို့က မွတ်စလင်တွေ ခရီးသွားလာရာမှာ အာရက္ခတပ်တော် (AA) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ခွဲခြားဆက်ဆံ တားဆီးစစ်ဆေးနေပြီး မကြာသေးခင်ကလည်း တရားထိုင်သွားသူတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
AA ဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ မိသားစုဝင်တွေကိုလည်း မွတ်စလင်ဖြစ်တာကြောင့် ခရီးဆက်သွားခွင့်မပေးဘဲ တားဆီး စစ်ဆေးတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
အခု မေလဆန်းပိုင်းက သံတွဲကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဈေးသွားဝယ်ရာမှာ မြောက်ဦးမှာ တားဆီးစစ်ဆေးပြီး မွတ်စလင်တွေဖြစ်လို့ သွားခွင့်မပေးဘဲ အခြေအတင်ပြောမှ သွားလာခွင့်ရတယ်လို့ သံတွဲဒေသခံက ပြောပါတယ်။
“စစ်ဆေးရေးဂိတ်မှာ သူတို့က ထောက်ခံစာ ဘာညာပြခိုင်းတယ်။ ဂိတ်ထဲကတာဝန်ရှိတဲ့ ရဲက လှမ်းမေးတယ်၊ ‘ကားမှာ (--) ပါလား’ လို့ မေးတယ်။ ထောက်ခံစာသွားပြတဲ့ ဗုဒ္ဓဘာသာဝင်ကလည်း ဟုတ်တယ်၊ အစ္စလာမ်ဘာသာဝင်တွေတော့ ပါတယ်ဆိုပြီးတော့ သူက ပြောလိုက်တယ်။ အဲဒါဆိုရင် သွားလို့မရဘူး ဘာညာ၊ ခင်ဗျားတို့ ကားရပ်ထား ဆိုပြီးတော့ အဲဒီမှာစပြီးတော့ ထုံးစံအတိုင်း ရှေ့မှာဖြစ်ခဲ့တဲ့ ပုံစံအတိုင်း သူတို့တွေ ပြဿနာရှာတယ်ပေါ့။ အဲဒီမှာ အချေအတင်ပြောတော့ တပ်စခန်းထဲ ခေါ်သွားတယ်။ အဲဒီမှာ ထပ်ပြောတယ်။ အထောက်အထား အစုံအလင်ပါတယ်၊ ခရိုင်အဆင့်ပါတယ်၊ မြို့နယ်အဆင့်ပါတယ်၊ တိုင်းအဆင့် ပါတယ်။ ဒီထောက်ခံစာတွေက မလုံလောက်ဘူးဆို ရတယ်၊ ဆက်မသွားတော့ဘူး၊ ပြန်သွားလိုက်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဒီစာရွက်နောက်ကျောမှာတော့ တခါတည်း ရေးပေးလိုက်၊ ဒီအထောက်အထားနဲ့ သွားခွင့်မရှိ သွားလာလို့မရ၊ မြောင်းဗွေတပ်က တာဝန်ခံက ဘယ်သူ ဘာညာ ဆိုပြီးတော့ ခင်ဗျားတို့ တခါတည်းရေးပေးလို့ ပြောတဲ့အချိန်ကျတော့ သူတို့က ‘ဟာ အဲဒီလိုတော့လည်း ရေးပေးလို့မရဘူး’ လို့ ပြောတယ်။ အဲဒီလို မရဘူးဆိုရင် သွားမယ်ဆိုပြီးမှ သွားလာခွင့်ရတာ။ သူတို့ဆီမှာ တိကျတဲ့အဖြေတခုရယ်လို့ မရှိဘူး။ သူတို့ ထုချေနေတာ တခုပဲ ရှိတယ်။ အထက်က စီမံချက်ကြောင့် ခင်ဗျားတို့ အစ္စလာမ်တွေကို ဒါမျိုးစစ်နေရတာ ဆိုပြီးတော့။ တရားခံပုံစံမျိုးပဲ ခုနက ထောက်ခံစာတွေကို လက်မှာကိုင်ခိုင်းထားပြီးတော့ တယောက်ချင်းစီကို ဓာတ်ပုံရိုက်တယ်။ ကားကို ဓာတ်ပုံရိုက်တယ်၊ လူတွေကို တယောက်ချင်းစီ ဓာတ်ပုံရိုက်တယ်ပေါ့ လမ်းလယ်ကောင်မှာပဲ” လို့ ပြောပါတယ်။
သူတို့ကို အပြန်အလှန်ပြောနိုင်တဲ့အပေါ်မှာ ဆက်သွားခွင့်ပေးတာလို့ ယူဆပြီး ဒီမတိုင်ခင်ကတော့ ဘာသာရေး တရားထိုင်သွားသူတွေ၊ လူနာတွေကိုပါ ဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ သူက ဆိုပါတယ်။
အခုလို မွတ်စလင်တွေကို ဖမ်းဆီးစစ်ဆေးနေတာတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ၄ ရက်ကြာတဲ့အထိ အကြောင်းပြန်ကြားတာမရှိပါဘူး။
ဧပြီ ၂၆ ရက်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာမှာ တရားထိုင်ပြီးပြန်လာတဲ့ သံတွဲမြို့က မွတ်စလင် ၁၃ ယောက်ကို မအီမြို့နယ်၊ လမူးမြို့က AA ရဲ့ စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့ပါတယ်။
တရားထိုင်သူတွေဟာ အသွားတုန်းက ရေလမ်းခရီးကနေ သွားခဲ့ပေမဲ့ ပြန်မဲ့ခရီးမှာတော့ စစ်သင်္ဘောတွေရှိနေတာကြောင့် ကားလမ်းကနေ ပြန်လာခဲ့ကြတာလို့ နီးစပ်သူတယောက်က ဆိုပါတယ်။
“လမူးစစ်ဆေးရေးဂိတ်မှာ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ တခြားကားတွေကို လွှတ်ပေးခဲ့ ပြီးတော့ ဒီ တရားအားထုတ်ဖို့သွားတဲ့ လူ ၁၃ ယောက်ပါတဲ့ကားကိုပဲ ရပ်ခိုင်းပြီးတော့ တားဆီး ဖမ်းဆီးထားတာပေါ့။ ဘာသာရေးနဲ့ပတ်သက်ပြီး နှိမ့်ချတဲ့ စကားလုံးတွေကိုပဲ ထပ်ခါထပ်ခါ ပြောပြီးတော့ အဲဒီလမ်းမကြီးပေါ်မှာပဲ၊ ဂိတ်ရှေ့မှာပဲ၊ အများသူငါနဲ့ သက်ဆိုင်တဲ့ လမ်းဆုံလမ်းခွလို နေရာမျိုးမှာ တန်းစီထားပြီးတော့ တယောက်လာတယ် မေးတယ် ဓာတ်ပုံရိုက်တယ်၊ တယောက်လာတယ် မေးတယ် ဓာတ်ပုံရိုက်တယ်ပေါ့။ အဲဒီနားမှာတင် ၁ နာရီခွဲလောက် သူတို့စစ်ဆေးပြီးတဲ့ နောက်ပိုင်းမှာ ည ၈ နာရီထိုးသွားတယ်။ စခန်းမှူးက စခန်းမှာ ထပ်ပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ရဲစခန်းကို ရောက်သွားတယ်ပေါ့” လို့ ပြောပါတယ်။
အဲဒီလို စစ်ဆေးနေချိန်မှာ နောက်ထပ်ကားတစီးပေါ်ပါလာတဲ့ သံတွဲဒေသခံအမျိုးသမီး ၃ ယောက်ထဲက မွတ်စလင်အမျိုးသမီး ၂ ယောက်က စစ်ဆေးခံနေရတဲ့ သူတို့ရဲ့ အသိမိတ်ဆွေတွေ ကို မုန့်နဲ့ ရေ သွားပေးတာကြောင့် သူတို့ကိုလည်း စစ်ဆေးဖို့ ရဲစခန်းကို ခေါ်သွားပြီး အတူပါလာသူ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
သံတွဲဒေသခံတယောက်က “အဲဒီ ၁၃ ယောက်ကို လူတယောက်ကို အဲဒီစခန်းက လူ ၄၊ ၅ ယောက်လောက် စစ်တယ်။ ညနေ ၈ နာရီလောက်က စစ်လိုက်တာ၊ ည ၂ နာရီ တိတိ ထိုးသွားတယ်။ လုံးဝမအိပ်ရဘူးပေါ့နော်၊ အမျိုးမျိုးစစ်ဆေးတယ်။ သူတို့တွေက မူးလည်း မူး နေကြတယ်။ အဲဒီအချိန်မှာ ပြောတဲ့စကားတွေကလည်း ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ စော်ကားတဲ့စကားတွေ ပြောသလို၊ ဆဲဆိုမိုက်ရိုင်းစွာ ပြောတာတွေလည်း ရှိတယ်။ ခင်ဗျားတို့ကို သတ်ပစ်လိုက်လို့ရတယ် ဆိုတဲ့အဆင့်ထိ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ စကားတွေပါ ပြောတယ်ပေါ့။ ပါးနား ပိတ်ရိုက်ပစ်မယ်၊ ခြေထောက်နဲ့ ပိတ်ကန်ပစ်လိုက်မယ် ဆိုတဲ့ ဟာတွေအထိ မိုက်ရိုင်းစွာ သူတို့တွေက ပြောဆိုဆက်ဆံပြီးတော့ စစ်ဆေးတယ်ပေါ့။ သူတို့အဘိုးအရွယ်လောက် ရှိတာကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပြီးတော့ မယဉ်မကျေးနဲ့ ဆဲပြီးတော့ ပြောတဲ့ ကဏ္ဍလေးတွေ ရှိတယ်ပေါ့” လို့ ပြောပါတယ်။
နောက်နေ့မနက် ၈ နာရီလောက်မှာမှ ပြန်လွှတ်ပေးလိုက်ပြီး ဘာကိုဦးတည်ပြီး စစ်ဆေးတယ်လို့ မဟုတ်ဘဲ အထက်က စစ်ဆေးခိုင်းတာလို့ပဲ ပြောကြောင်းလည်း သူက ဆိုပါတယ်။
ဖေဖော်ဝါရီလတုန်းကလည်း ရခိုင်ပြည်မြောက်ပိုင်းမှာ ဆေးကုပြီး ဆေးပိုက်တန်းလန်းနဲ့ ပြန်လာ တဲ့ သံတွဲက မွတ်စလင်တယောက်ကို မအီက တည်းခိုခန်းကနေ AA ရဲ့ ရဲတွေက လာဖမ်းဆီးသွား ပြီး ၄ ရက်မြောက်မှာမှ ပြန်လွှတ်ပေးပါတယ်။
သံတွဲဒေသခံတယောက်က “အာရက္ခတပ်တော် (AA) နဲ့ ပတ်သက်ပြီးတော့ နဂိုမူလက သူတို့တွေရဲ့ ပြောစကားတွေ၊ သတင်းစကားတွေ၊ သူတို့ရဲ့ အာမခံချက်တွေက အင်မတန်ကောင်းမွန်ခဲ့တယ်။ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို သွားမယ်၊ အားလုံး လွတ်လပ်စွာ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့တွေက လက်ရှိဒီဒေသမှာ ဘယ်မှမသွားဘဲနဲ့၊ ဘယ်မှ မထွက်ဘဲနဲ့ အတူတကွ ကျောချင်းကပ်ပြီးတော့ ဒုက္ခတွေကို အားလုံးကို အတူတူ ခံစားခဲ့တာပေါ့။ တကယ်တမ်း တဖြည်းဖြည်းနဲ့ အောင်မြင်မှုတခုရဲ့အနားကို ရောက်လာပြီဆိုတဲ့ အချိန်မှာ တချိန်တုန်းက ပြောခဲ့တဲ့ စကားတွေနဲ့ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေက တဖြည်းဖြည်းနဲ့ ကွဲလွဲလာတယ်ပေါ့။ လက်ရှိ တချိန်တုန်းကပေးခဲ့တဲ့ ကတိတွေကနေ တဖြည်းဖြည်းနဲ့ သွေဖည်လာတယ်၊ ကတိတွေကို ချိုးဖောက်လာတယ်ပေါ့။ အဲဒီအပြင် အထက်မိန့်၊ အထက်မိန့် ဆိုပြီးတော့ ကျနော်တို့ကို ခွဲခြားဆက်ဆံမှု ခံနေရတာတွေ၊ နောက်တခုက လက်ရှိ တပ်တော်ထဲမှာလည်း တချိန်တုန်းက စစ်ကောင်စီလက်ထက်က မဘသ အဖွဲ့ဝင်တွေပေါ့၊ သူတို့ရဲ့ သွေးထိုးမှုတွေ၊ သူတို့ရဲ့ မြှောက်ပင့်မှုတွေ၊ သူတို့ရဲ့ လမ်းလွဲသွားစေနိုင်တဲ့ အချက်အလက်တွေကိုလည်း မြင်လာရတာပေါ့။ ဒါတွေကတော့ ကောင်းမွန်တဲ့ အနေအထားတခုလို့ ကျနော် မထင်ဘူး။ ကျနော်တို့ကတော့ နဂိုက ဗိုလ်ချုပ်ပြောထားခဲ့တဲ့ လမ်းစဉ်အတိုင်း၊ ဗိုလ်ချုပ် ပြောထားခဲ့တဲ့ အမိန့်တွေအတိုင်းပဲ အဲလို ပုံစံမျိုးကိုပဲ မျှော်လင့်ခဲ့တယ်။ လက်ရှိလည်း မျှော်လင့်နေဆဲ ဖြစ်တယ်ပေါ့။ အဲဒါကြောင့် အထက်အရာရှိတွေနဲ့ ဗိုလ်ချုပ်အပါအဝင် အထက်ကခေါင်းဆောင်ပိုင်းတွေ အနေနဲ့ လက်ရှိ မြေပြင်မှာဖြစ်ပျက်နေတဲ့ အရာတွေ၊ လက်ရှိ မြေပြင်မှာ ဝန်ထမ်းတွေရဲ့ စည်းကမ်းချိုးဖောက်နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အောက်ခြေမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ သေနတ်ကိုင်မိတော့ သေနတ်ကလက်ထဲကို ရောက်သွားပြီဆိုရင် ဒီဟာနဲ့ ပတ်သက်ပြီးတော့ ထင်ရာစိုင်းမှုတွေနဲ့ ပတ်သက်ပြီးတော့၊ ဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သက် ပြီးတော့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ပေးပါ ဆိုပြီးတော့ ပြည်သူတွေအနေနဲ့၊ ကမန်တိုင်းရင်းသားတွေ ကိုယ်စား မေတ္တာရပ်ခံချင်တယ်ပေါ့” လို့ ပြောပါတယ်။
အဲဒီဖမ်းဆီးခံ၊ စစ်ဆေး တားဆီးခံခဲ့ရတဲ့ မွတ်စလင်တွေဟာ AA အုပ်ချုပ်ရေး အဆင့်ဆင့်ဆီ ကနေ ထောက်ခံစာတွေ ယူသွားကြရတာဖြစ်ပြီး အဲဒီထောက်ခံစာတွေမှာလည်း စစ်အစိုးရ အဆက်ဆက်ကက လုပ်ခဲ့သလို ခရီးသွားသူတယောက်စီအတွက် အာမခံသူ ၂ ယောက် ထားရပြီး ပြန်မလာရင် အရေးယူခံရမယ်ဆိုတာကိုလည်း တွေ့ရပါတယ်။
သံတွဲမြို့နယ်ထဲမှာတော့ အားလုံး လွတ်လွတ်လပ်လပ် သွားလာရောင်းဝယ်ဖောက်ကားလို့ရပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့တွေက မွတ်စလင်တွေကတော့ စစ်ဒေသတခုနဲ့တခု လွတ်လွတ်လပ်လပ်သွားလာခွင့်မရဘဲ အိန္ဒိယဘက်ကို ဈေးသွားဝယ်ဖို့ပဲ ခွင့်ပြုထားတယ်လို့ သိရပါတယ်။










