
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာက ဆိုင်ကယ် ကယ်ရီသမား အပါအဝင် အမျိုးသား ၇ ယောက်ကို စစ်အာဏာရှင်တပ်က အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၆ ရက် ည ၆ နာရီကျော်ခန့်က ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာထဲကို စစ်အာဏာရှင်တပ်က ဝင်ရောက်ပြီး ဆိုင်ကယ် ကယ်ရီသမား ကိုမင်းသူ၊ ကိုထက်ကျော် အပါအဝင် အရပ်သား အမျိုးသား ၇ ယောက်ကို အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဒေသခံအရပ်သားတယောက်က “အိမ်တွေထဲကို ဝင်လာပြီး ဖမ်းခေါ်သွားတာပါ။ ဘာအတွက် ခေါ်တာလဲဆိုတာ မေးလို့မရဘူး။ လိုအပ်လို့ခေါ်တာ ဆိုပြီးပဲ ပြောတယ်။ မိသားစုတွေကတော့ အခုထိ စိတ်ပူနေကြတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က အင်အား ၂၀ ခန့်နဲ့ အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်ခဲ့တာဖြစ်ပြီး ကိုမင်းသူ၊ ကိုကရင်၊ ကိုဝင်းဝင်း၊ ကိုမင်းမင်း၊ ကိုကျော်ဆွေ၊ ကိုထက်လင်းနဲ့ ကိုကျော်ဇင်တို့ကို အဓမ္မဖမ်းခေါ်ပြီး ပေါ်တာဆွဲခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိသူတယောက်က “ပေါ်တာဆွဲ ဖမ်းခေါ်သွားတာ သေချာပါတယ်။ ဘယ်နေရာကို ခေါ်သွားတယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ အရပ်သားတွေနဲ့ မိသားစုဝင်တွေဟာ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းအထိ အဆက်အသွယ်မရ ဖြစ်နေပြီး မိသားစုတွေက စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲခံရတဲ့ အရပ်သားမိသားစုတွေက စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဆီ စုံစမ်းပေမဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တပ်ကလုပ်တာဖြစ်လို့ “လုံးဝမသိဘူး” ဆိုပြီး ငြင်းဆိုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ ဘောမိကျေးရွာမှာလည်း စက်သုံးဆီနဲ့ စားသောက်ကုန်ရောင်းချတဲ့ အရပ်သား ၂ ယောက်ကို တော်လှန်ရေးတပ်တွေဆီ စက်သုံးဆီရောင်းချတယ်လို့ စွပ်စွဲပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက် ညနေ ၆ နာရီခန့်က ဘောမိကျေးရွာက စက်သုံးဆီနဲ့ စားသောက်ကုန်ရောင်းချတဲ့ အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်က တော်လှန်ရေးတပ်တွေဆီ စက်သုံးဆီ မှောင်ခိုရောင်းချတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “သူတို့ အရပ်သား ၂ ယောက်က အိမ်ဆိုင်ရောင်းတာ။ အိမ်တွေမှာ လာဖမ်းသွားတာ။ တော်လှန်ရေးတပ်တွေကို ဆီရောင်းပေးတယ်ဆိုပြီး ဖမ်းသွားတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သား ၂ ယောက်ဟာ အသက် ၄၀ ကျော်အရွယ် ကိုမြင့်ဌေးနဲ့ အသက် ၃၀ ခန့်အရွယ် ကိုမျိုးထွေးတို့ဖြစ်ပြီး လက်ရှိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငွေညှစ်ချင်တာကြောင့် ဖမ်းတာလို့ပဲ ထင်တယ်။ တပ်ကဖမ်းတာဆိုတော့ ဘယ်မှာဖမ်းထားလဲ တိတိကျကျ မပြောတတ်သေးဘူး” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၂ ယောက်ဟာ အိမ်ဆိုင်ဖွင့်ပြီး ဆန်၊ ဆီ၊ ဆားနဲ့ စားသောက်ကုန်တွေအပြင် စက်သုံးဆီကိုပါ ပုံမှန်ရောင်းချနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ရွှေသောင်ယံမြို့ ဘောမိကျေးရွာနဲ့ အနီးဝန်းကျင်မှာ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ရောင်းဝယ်ဖောက်ကားရာမှာ အခက်အခဲတွေရှိနေပြီး ဆီမှောင်ခိုရောင်းချတာတွေ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေ ရှိပေမဲ့ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက မြေပြင်မှာ စစ်ဆေးအရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။











