
မြောက်အိုင်ယာလန်နိုင်ငံမှာရှိတဲ့ နာမည်ကျော် ဧရာမ ကျောက်တိုင်ကြီးများနေရာ (Giant's Causeway) ထိန်းသိမ်းရေးဝန်ထမ်းတွေဟာ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေ ကျောက်တိုင်တွေကြားထဲကို ထိုးထည့်ထားခဲ့ကြတဲ့ အကြွေစေ့ပေါင်း ၁၀,၀၀၀ နီးပါးကို ဖယ်ရှားရှင်းလင်းခဲ့ပြီး အဲဒီလုပ်ရပ်ဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာကို ပျက်စီးစေတယ် လို့ ပြောပါတယ်။
သတ္တုအညှိတက်ပြီး ဓာတ်တိုးမှု အပြောင်းအလဲဖြစ်နေတဲ့ သတ္တုတွေဟာ ကျောက်တိုင် ဖွဲ့စည်းပုံ တွေကို ပျက်စီးစေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ၂၀၂၅ ခုနှစ်မှာ ထိန်းသိမ်းရေး စီမံကိန်း စတင်ခဲ့ချိန်ကစလို့ အလေးချိန် ၂၀ ကီလိုဂရမ် (၄၄ ပေါင်) ကျော်လေးတဲ့ အကြွေစေ့တွေကို ဖယ်ရှားနိုင်ခဲ့တာပါ။
အကြွေစေ့တွေဟာ အချိန်ကြာလာတာနဲ့အမျှ သံချေးတက်ပြီး ပွလာကာ ဘာဆော့ ကျောက်တိုင် တွေကို ဖိအား သက်ရောက်စေပြီး အက်ကွဲတာနဲ့ အရောင်ပြောင်း ပျက်စီးတာတွေကို ဖြစ်ပေါ် စေခဲ့တယ်လို့ အမျိုးသား သဘာဝထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
အဖွဲ့ရဲ့ ပြောပြချက်အရ ဧည့်သည်တွေဟာ ကံကောင်းခြင်း သို့မဟုတ် အချစ်ရဲ့ သင်္ကေတတွေအဖြစ် ယုံကြည်ချက်တွေနဲ့ ကျောက်တုံးတွေကြားထဲ အကြွေစေ့တွေကို ထည့်ထားခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အဲဒီလိုလုပ်တာ ပိုပြီး အရှိန်ရများပြား လာခဲ့တာလို့ ဆိုပါတယ်။
မြောက်အိုင်ယာလန်ရဲ့ ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာတခုဖြစ်တဲ့ ဒီကျောက်တိုင်တွေပေါ်မှာ အကြွေစေ့တွေကြောင့် ရုပ်ပိုင်းဆိုင်ရာရော ဓာတုဗေဒဆိုင်ရာပါ ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ပထဝီဝင် ကျွမ်းကျင်သူတွေက သတိပေး အကြံပြုခဲ့ပြီး နောက်မှာ အခုလို ရှင်းလင်းရေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











