
ဗြိတိန်နိုင်ငံ၊ မြောက်အိုင်ယာလန်ပြည်၊ ဘဲလ်ဖတ်စ်မြို့မှာ ဇွန် ၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုအပြီး မငြိမ်သက်မှုတွေဟာ ဇွန် ၁၀ ရက် မှာလည်း ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် လူစုခွဲဖို့ ရဲတပ်ဖွဲ့က ရေအမြောက်တွေ အသုံးပြုခဲ့ရပါတယ်။
မျက်နှာဖုံးစွပ် လူတစုဟာ ခိုလှုံခွင့်တောင်းခံသူတွေ နေထိုင်တဲ့ ဟိုတယ်နားကို သွားရောက်ဖို့ ကြိုးစားခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ခဲတွေ၊ ပုလင်းတွေ၊ ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ဒီအခြေအနေတွေကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နားခဲ့ရသလို စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတချို့ကိုလည်း စောစောပိတ်ခဲ့ရပါတယ်။
ဇွန် ၉ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်းမှာတော့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး အိမ်တွေနဲ့ ကားတွေကို မီးရှို့ခဲ့တာကြောင့် လူပေါင်း ၂၇ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဓားထိုးမှု ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ ဆူဒန်နိုင်ငံဖွား အသက် ၃၀ အရွယ် ဟာဒီ အယ်လိုဒစ်ကို ဇွန် ၁၀ ရက်က တရားရုံးထုတ်ခဲ့ပြီး တိုက်ခိုက်ခံရသူ စတီဖင်အိုဂယ်ဗီ ကတော့ ဒဏ်ရာပြင်းထန်ပေမဲ့ အခြေအနေ ပြန်တည်ငြိမ်လာပါတယ်။
အိုဂယ်ဗီရဲ့ မိသားစုက လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကို မယုံကြည်ဖို့နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိသူတွေ ဖြစ်တာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဆူပူသူတွေဟာ မျက်နှာဖုံးစွပ်ပြီး နိုင်ငံခြားသား သူနာပြုတွေကိုပါ အလုပ်သွားချိန်မှာ လမ်းပိတ်ဆို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဗြိတိန်တော်ဝင်သူနာပြုအသင်းက ဆိုပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ဓားထိုးမှုဟာ စက်ဆုပ်ဖွယ်ကောင်းပေမဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုနဲ့ မီးရှို့မှုတွေကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ ရှုတ်ချထားပါတယ်။











