မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့မနက်က ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရိုးမားအသင်းကို ၂ ဂိုးပြတ်ရှုံးနေရာကနေ ၃ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပြီး ရာထူးက ထုတ်ပယ်ခံရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ မိုက်ကယ် ကာရစ်အတွက် အသက်ရှူချောင်သွားစေခဲ့ပါတယ်။
ဒီရာသီ စီးရီးအေ ၁၀ ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အီတလီ ရိုးမားအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပွဲစပြီး ၁၇ မိနစ်အတွင်းမှာပဲ ၂-၀ နဲ့ ဦးဆောင်ခံလိုက်ရချိန်မှာ မန်ယူအသင်းရဲ့ အခြေအနေဟာ ရင်လေးစရာ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၉ ပွဲဆက်တိုက် အနိုင်မရခဲ့တာကြောင့် ကာရစ်ရဲ့ နည်းပြရာထူးဟာ ပိုမိုလှုပ်ခတ်လာခဲ့ပြီး ယူနိုက်တက်အနေနဲ့ နောက်ထပ် ရှုံးပွဲတပွဲနဲ့ ရင်ဆိုင်ရမယ့်ကိန်း ဆိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ မန်ယူအသင်း စိတ်ဓာတ်နဲ့ ခြေစွမ်းပြန်ပြပြီး ပွဲချိန် ၅၈ မိနစ်မှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပင်နယ်တီကနေတဆင့် ချေပဂိုး စတင်သွင်းယူခဲ့ပါတယ်။
ဒီနောက် ပွဲချိန် ၈၃ မိနစ်နဲ့ ၈၆ မိနစ်တွေမှာ မားသီးယပ်စ် ကူညာက မှတ်ကျောက်တင်ကျန်ရစ်မဲ့ ဂိုးတွေအဖြစ် ၃ မိနစ်အတွင်းမှာပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူကာ ပွဲအခြေအနေကို ပြောင်းလဲပစ်ခဲ့တာပါေ
ဒါပေမဲ့ ပွဲပြီးခါနီးမှာ မလိုအပ်ဘဲ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကြောင့် ကူညာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ မန်ယူက ရိုးမားကို ၃-၂ ဂိုးနဲ့ အနိုင်ရပြီး ၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်သွားစေခဲ့ပြီး နည်းပြ ကာရစ်ကတော့ လက်ခုပ်သံတွေနဲ့အတူ ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မန်ယူနည်းပြချုပ် မိုက်ကယ်ကာရစ်က “လူတော်တော်များများကို ဂုဏ်ယူပါတယ်၊ ကစားသမားတွေကို ဂုဏ်ယူပါတယ်၊ ခက်ခဲတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တဲ့အတွက် သူတို့ ချီးကျူးမှု အများကြီးနဲ့ ထိုက်တန်ပါတယ်” လို့ ပြောပါတယ်။











