
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရမဲ့နေရာ ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာခဲ့ပြီး နောက်မှာ CRPH၊ NUG၊ PDF တို့နဲ့ ဆက်သွယ်တဲ့သူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ အရ အရေးယူမယ်လို့ စစ်အာဏာရှင်က နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်တွေကို အသုံးပြုပြီး အသိပေးလာပါတယ်။
နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ချုပ်နှောင် လိုက်တယ်လို့ စစ်အာဏာရှင်က ဧပြီ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီလိုထုတ်ပြန်ခဲ့ပြီး နောက်တနေ့ မေလ ၁ ရက်နေ့မှာတော့ CRPH၊ NUG၊ PDF တို့ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်တာကြောင့် ဆက်သွယ်သူတွေကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ ဆက်သွယ်ရေးလိုင်းတွေကတဆင့် မက်ဆေ့ခ်ျပို့ အသိပေး လာတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကျခံရမဲ့နေရာ ပြောင်းလဲသတ်မှတ်တာနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရာမှာ ဓာတ်ပုံတပုံကိုသာ အသုံးပြု ထုတ်ပြန်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှား ရှိ/ မရှိအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။










