ဗြိတိန်နိုင်ငံဟာ ရုရှားကို ဆန့်ကျင်ပြီး ယူကရိန်းကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထောက်ခံမှာဖြစ်ပြီး လိုတဲ့အချိန် ယူကရိန်းရဲ့ဘေးမှာ ရှိနေမယ်လို့ ဝန်ကြီးချုပ် အန်ဒီဘန်နမ်က သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။
ယူကရိန်းအစိုးရဆီ ဒရုန်းတွေ ထောက်ပံ့ပေးဖို့အတွက် အကျိုးဆက်တွေကို ရုရှားအစိုးရက ဗြိတိန်အစိုးရကို သတိပေးပြီးတဲ့နောက် ဗြိတိန်က ခုလို တုံ့ပြန် ပြောဆိုခဲ့တာပါ။
ရုရှားကို ပထမဆုံးအကြိမ် အဝေးပစ် တိုက်ခိုက်ရာမှာ ဗြိတိန်လုပ် ဒရုန်းတွေကို သုံးခဲ့တယ်လို့ Times သတင်းစာက သြဂုတ် ၁၅ ရက်မှာ ဖော်ပြပြီးတဲ့နောက် စစ်ပွဲမှာ ပါဝင်ပတ်သက်မှု ပိုနက်ရှိုင်းလာတယ်လို့ ရုရှားက ဗြိတိန်ကို စွပ်စွဲခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ဦးဆောင်တဲ့ မတရားတဲ့စစ်ပွဲကို ခုခံရာမှာ ယူကေက လုပ်မယ်လို့ ဟိုးအရင်တည်းက ပြောခဲ့တဲ့အတိုင်း လုပ်နေတာ ဖြစ်တယ်လို့ ဘန်နမ်က ပြောပါတယ်။
မတရားတဲ့စစ်ပွဲကို ဆန့်ကျင်ပြီး ယူကရိန်းကို အပြည့်အဝ ထောက်ခံမယ်လို့ သူက ဆက်ပြောပါတယ်။
ယူကရိန်းဟာ ရုရှား ရေနံချက်စက်ရုံတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ deep-strike drones တွေကို သုံးခဲ့ပါတယ်။
ဒါပေမဲ့ ဗြိတိန်ဒရုန်းတွေကို သုံး၊ မသုံး ဆိုတာကိုတော့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်မပြုခဲ့ပါဘူး။
Source: Reuters











