
ဟာဝိုင်ယီကျွန်းရှိ ကီလိုဝေရာ မီးတောင်ဟာ ဧပြီ ၉ ရက်မှာ အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်လာပြီး မီးတောင်ထိပ်ကနေ ချော်ရည်တွေ ပန်းထွက်နေတာကို အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ရဲ့ တိုက်ရိုက် ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၀ မိနစ်လောက်မှာ ချော်ရည်တွေ စတင်ပန်းထွက်ခဲ့တာလို့ USGS က ပြောပါတယ်။
အဲဒီလို ပန်းထွက်နေတဲ့ ချော်ရည်ပန်းတွေဟာ မြေပြင်အထက် ပေ ၆၂၀ ကျော် (မီတာ ၁၉၀ လောက်) အထိ မြင့်တက်နေတယ်လို့ ဘူမိဗေဒအေဂျင်စီက ခန့်မှန်းထားပါတယ်။
ကမ္ဘာပေါ်မှာ အလှုပ်ရှားဆုံး မီးတောင်တွေထဲကတခုဖြစ်တဲ့ ကီလိုဝေရာ မီးတောင်ဟာ ၂၀၂၄ ခု၊ ဒီဇင်ဘာ ၂၃ ရက်ကတည်းက ဆက်တိုက်လိုလို ပေါက်ကွဲနေတာဖြစ်ပြီး အခုတခေါက် ဖြစ်စဉ်ဟာ ဒီပေါက်ကွဲမှုကာလအတွင်း ၄၄ ကြိမ်မြောက် ချော်ရည်ပန်းထွက်မှုလည်း ဖြစ်ပါတယ်။










