
ဖိလစ်ပိုင်နိုင်ငံမှာ ဇန်နဝါရီလအစောပိုင်းကတည်းက ပေါက်ကွဲနေတဲ့ မာယွန်မီးတောင်နားကနေ ဥက္ကာပျံတခု ဖြတ်ပျံသွားပြီး ကောင်းကင်ကြီးတခုလုံး လင်းထိန်သွားတာကို မေ ၂၅ ရက်က မြင်တွေခဲ့ရပါတယ်။
ဖိလစ်ပိုင်မီးတောင်နဲ့ ငလျင်ဗေဒသုတေသနအဖွဲ့ (PHIVOLCS) က မျှဝေထားတဲ့ ရုပ်သံဖိုင်ထဲမှာ အဲဒီဖြစ်စဉ်ဟာ ည ၁၀ နာရီ ၃၃ မိနစ်အချိန် မီးတောင်ပေါက်ကွဲနေချိန်မှာ လင်းထိန်နေတဲ့ အရာဝတ္ထုကြီးက မီးတောင်နားကနေ ဖြတ်သွားခဲ့တာကို လစ်ဂနွန်ကုန်းမြင့်မှာ တပ်ဆင်ထားတဲ့ သူတို့ရဲ့ IP ကင်မရာမှာ ဖမ်းမိခဲ့တာလို့ အဲဒီအဖွဲ့က ပြောပါတယ်။
အဲဒီဗီဒီယိုနဲ့အတူ တင်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်မှာတော့ "မီးတောင်ပတ်ပတ်လည်က ငလျင်တိုင်းတာချက်တွေ၊ ကြိမ်နှုန်းနိမ့် အသံလှိုင်းတွေနဲ့ တခြားကင်မရာ မှတ်တမ်းတွေကို ပြန်စစ်ဆေးကြည့်တဲ့အခါ ဒီဥက္ကာပျံဟာ လေထုထဲမှာတင် ပေါက်ကွဲပျက်စီးသွားခဲ့တာဖြစ်ပြီး မာယွန်မီးတောင်စောင်းတွေကို လာမရိုက်ခတ်ခဲ့ပါဘူး၊ ဒါဟာ ကျနော်တို့ ပထမဆုံးတင်ခဲ့တဲ့ ပို့စ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။
မီးတောင်ပေါက်ကွဲတာ၊ ငလျင်လှုပ်တာနဲ့ ဆူနာမီ ဖြစ်တာတွေကို စောင့်ကြည့်ပြီး အန္တရာယ် လျှော့ချရေးအတွက် တာဝန်ယူရတဲ့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ PHIVOLCS ဟာ ဥက္ကာပျံက မီးတောင်ရဲ့ မြောက်ဘက်စောင်းကို လာမှန်တယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပြီးမှ အခုလိုမျိုး အချက်အလက်အသစ်ကို ပြန်လည်ပြင်ဆင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။











